
တောင်ကြီး မတ်-၆
ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိရေးကို အထောက်အကူဖြစ်စေသည့်အတွက် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို မတ်လ(၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မတ်လအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်သွားရန် စီစဥ်ဆောင်ရွက်နေကြောင်း သိရသည့်အတွက် ယခုအစည်းအဝေးတွင် တင်ပြရမည့် ကိစ္စရပ်များကို အချိန်မီတင်ပြ ဆွေးနွေးပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သည် တောင်ကြီး၊ အင်းလေး၊ ကလော၊ ပင်းတယ ကဲ့သို့ ထင်ရှားသော ခရီးစဥ်ဒေသများရှိခြင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကူးလူးဆက်သွယ် သွားလာမှုများရှိခြင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်း တရုတ်နိုင်ငံနှင့် ထိစပ်နေသည့်အတွက် ကုန်သွယ်သွားလာမှုများရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အချက်အခြာကျသော ပြည်နယ်တစ်ခု ပြောလို့ရပါကြောင်း၊ ပြည်နယ်အတွင်း ရေမြေတောတောင် သဘာဝအလှအပများ၊ တိုင်းရင်းသားယဥ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ရာသီဥတုသမမျှတခြင်း၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်း၊ ခရီးသွားများ အလွယ်တကူလည်ပတ် သွားလာနိုင်သည့် အနေအထားဖြစ်ပြီး ခရီးစဥ်နေရာသစ်များ ပေါ်ထွက်နေခြင်းသည် ပြည်နယ်အပေါ် ခရီးသွားလာစိတ်ကို ဖြစ်ပေါ်စေကြောင်း၊ ၂၀၂၃ခုနှစ်တွင် ရှမ်းပြည်နယ်ကို ပြည်တွင်းပြည်ပ ဧည့်သည် (၁.၄)သန်းကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် ၎င်းအရေအတွက်အတိုင်း မျှော်မှန်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာတွင် ဆောင်ရွက်သင့်သည့် အချက်များကို စေတနာရှေ့ထား တင်ပြပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများ တင်ပြပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တောင်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူးက ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ် (GLMS)နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး