
နောင်တရား မတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်မြို့မ ပရိယတ္တိစာသင်တိုက်၌ ပင်လောင်းမြို့နယ်တွင် ပထမအကြိမ် စတင်ကျင်းပပြုလုပ်မည့် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာမေးပွဲနှင့် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်သံဃာနာယက ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ ရပ်မိရပ်ဖ များက မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပင်လောင်းမြို့နယ် သံဃာနယကဆရာတော် ဥက္ကဌ တီကျစ်မြို့မပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တဝိလာသ က ပထမဆုံးအကြိမ်ကျင်းပမည့် ပရိယတ္တိသာသနပါလစာမေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လိုအပ်ချက်များကို ပါဝင်ဆွေးနွေးရန် ဩဝါဒမိန့်ကြားသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဆရာတော်သံဃာတော်များက ဆောင်ရွက်ပြီးလုပ်ငန်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆောင်ရွက်ရန်ကျန်နေသည့် လုပ်ငန်းများအတွက် ဘဏ္ဍာငွေအခြေအနေနှင့် လိုအပ်ချက် အခြေအနေများကို ဆွေးနွေးညှိနှိုင်းတိုင်ပင်လျောက်ထားကြပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်က မြို့နယ်မှ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို တင်ပြလျောက်ထားသည်။
ပင်လောင်းမြို့နယ်တွင် ကျင်းပမည့် ပရိယတ္တိသာသနပါလ စာမေးပွဲကို တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်မြို့မ ပရိယတ္တိစာသင်တိုက်၌ ဆရာတော် သံဃာတော် (၇၅၀)ပါးဖြင့် (၇-၃-၂၀၂၄) ရက်နေ့မှ (၁၅-၃-၂၀၂၄)ရက်နေ့အထိ (၉)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ အစိုးရပါဠိပထမပြန်စာမေးပွဲကို ပင်လောင်းမြို့နယ် ရင်းမှီးကျောင်းတိုက်၌ ဆရာတော် သံဃာတော်(၃၀၀)ပါးဖြင့် (၃-၄-၂၀၂၄)ရက်နေ့မှ (၁၀-၄-၂၀၂၄) ရက်နေ့အထိ (၈)ရက်တိုင်တိုင် ကျင်းပဖြေဆိုသွားမည်ဟု သိရသည်။
ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ၊ အစိုးရပါဠိပထမပြန် စာမေးပွဲ (၂)ရပ်လုံးအတွက် သံဃာတော်များ ဆွမ်းဝိုင်းပေါင်း (၁၆၀၀)ဝိုင်းအတွက် တစ်ဝိုင်းလျှင် (၂၅၀၀၀)ကျပ်၊ ခဲဘွယ်ပေါင်း (၁၆၀၀)ဝိုင်းအတွက် တစ်ဝိုင်းလျှင် (၁၀၀၀၀)ကျပ်၊ ပရိယတ္တိသာသနပါလစာမေးပွဲအတွက် အရုဏ်ဆွမ်း တစ်နပ်လျှင် (၁၅၀၀၀၀၀)သိန်း၊ နေ့ဆွမ်းအတွက် တစ်နပ်လျှင် (၃၇၅၀၀၀၀)သိန်း၊ အစိုးရပါဠိပထမပြန် စာမေးပွဲအတွက် အရုဏ်ဆွမ်း တစ်နပ်လျှင် (၇၀၀၀၀၀)သိန်း၊ နေ့ဆွမ်းတစ်နပ်လျှင် (၁၅၀၀၀၀၀)သိန်း၊ စာမေးပွဲ စာဖြေခုံ အလုံး(၉၀၀)အတွက် တစ်လုံးလျှင် (၁၅၀၀၀)ကျပ် ကုန်ကျမည်ဖြစ်ပြီး အဆိုပါ ဆွမ်း၊ ခဲဘွယ်၊ စာဖြေခုံနှင့် တကွ စာအောင်ဆု၊ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ ထင်း စသည့် လှူဖွယ် ပစ္စည်းများကို တီကျစ်မြို့မစာသင်တိုက်၊ ပင်လောင်းမြို့ မြသိန်းတန်စာသင်တိုက်၊ နောင်တရားမြို့ နောင်တရားစာသင်တိုက်၊ ပင်လောင်းမြို့ ရင်းမှီးကျောင်းတိုက်၊ ပေါင်းလောင်းမြို့ ဟူပြင်မွေတော်ကျောင်းတိုက် စသည့် ကျောင်းတိုက်ကြီးများတွင် လာရောက် လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်ဟုသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး