
တောင်ကြီး မတ်-၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မတ်(၂)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံဝင်း အတွင်း၊အပြင်၌ ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်မြက်၊ ပေါင်းပင်များ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် ကံကော်လမ်းရှိ ရေနုတ်မြောင်းအတွင်း အမှိုက်သရိုက်များကို စည်ပင်သာယာရေးမှ စက်များဖြင့်ဆယ်ယူနေမှုနှင့် တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်အတက်လမ်း တိုးချဲ့ဆောင်ရွက် နေမှုတို့ကို သွားရောက်ကြည့်ရှူစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက်မိတ္ထီလာ-တောင်ကြီး ကျိုင်းတုံ၊ တာချီလိတ်လမ်း မူလ(၂၄)ပေအကျယ် ကတ္တရာလမ်းမှ (၄၈)ပေကျယ်ကတ္တရာလမ်း တိုးချဲ့ဆောင်ရွက်နေမှုကို ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကတ္တရာလမ်း တိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
၎င်းနောက် ပြည်နယ်သစ်တောဦးစီးဌာနမှ တောင်ကြီးမြို့စိမ်းလန်းစိုပြေရေး၊ မြေအောက်ရေများ မခန်းခြောက်နိုင်ရေးအတွက် လွိုင်ခမ်းအိမ်ရာဝင်းအတွင်း ချယ်ရီပင်၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ သပြေဘုတ၊ ငုဝါ၊ ငုချယ်ရီ၊ သီးပင်၊ စားပင်၊ ဝက်သစ်ချ၊ ရေသင်းဝင်၊ မာတာကွတ်၊ စွယ်တော်၊ စကားဝါ၊ ထင်းရှူး၊ ထင်းရှူး ပဒေသာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုရာ ပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ရှင်းလင်းကြောင်းသိရသည်။
အဆိုပါတောင်ကြီးမြို့ လွိုင်ခမ်းအိမ်ရာဝင်းအတွင်းရှိ သစ်ပင်များကို ၂၀၁၇ခုနှစ်က စတင်စိုက်ပျိုးခဲ့ရာ ၂၀၂၀-၂၀၂၂ခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တစ်နှစ်ချင်းစီ အပင်ရေ(၉)သောင်းခွဲ စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး