ကျိုင်းတုံ ဖေဖေါ်ဝါရီ-၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖေါ်ဝါရီ(၁၀)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှောင်လမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးရဲလင်းမှ ကျိုင်းတုံမြို့ရှောင်လမ်း ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ဆောင်ရွက်ပြီးစီးသောလမ်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့အထင်ကရ နောင်တုံကန်ဆောင်ရွက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ တာဝန်ခံဦးစိုးနိုင်ဦးမှ ကန်နှင့်ပတ်သက်၍ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပြီး ကျိုင်းတုံမြို့ရှိဟော်နန်းအား သွားရောက်ကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက်ရှမ်းပြည်နယ်(အရှေ့ပိုင်း) စတုတ္ထအကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ကျိုင်းတုံမြို့နယ် မိုးလုံလေလုံအားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်ချီးမြှင့်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို ကျင်းပခြင်းအားဖြင့် ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းသည်သာမက လက်ဆင့်ကမ်းအမွေအဖြစ် ခံယူထိုက်စေရန်နှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း၊ လားဟူတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နေခြင်း ဖြစ်သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပြီး အစဥ်အလာကောင်းများကို မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းပေးကြရမှာဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး စတုတ္ထအကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ဦးစီးကျင်းပရေးကော်မတီကိုယ်စား ဦးကျာလယ်စိုးမှ နှုတ်ခွန်းဆက်စကားပြောကြားကာ လားဟူတိုင်းရင်းသားလူမျိုး အပေါင်းရိုးရာဓလေ့ထုံးတမ်း အစဥ်အလာများနှင့်အညီ သက်ကြီးရွယ်အိုများနှင့် အကြီးအကဲခေါင်းဆောင်များအား ရေဆေးမင်္ဂလာအခမ်းအနားကျင်းပ၍ ဂါရဝပြုကန်တော့ကြပြီး စတုတ္ထအကြိမ်မြောက် လားဟူးတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အတွက် အလှူငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့က ပေးအပ်ရာ လားဟူတိုင်းရင်းသားခေါင်းဆောင်ဦးလုကာမှ လက်ခံရယူပြီး နှစ်သစ်ကူးဂါရဝလက်ဆောင် ပြန်လည်ပေးအပ်၍ ဖိတ်ကြားထားသည်ဧည့်သည်တော်များအား လားဟူရိုးရာယဥ်ကျေးမှုအကများဖြင့် တင်ဆက်ကပြဖျော်ဖြေကြခြင်းနှင့် ဧည့်သည်တော်များစုပေါင်းကပြဖျော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လားဟူတိုင်းရင်းသားရိုးရာ ယဥ်ကျေးမှုပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး