
နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်မှုမြှင့်တင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေးအတွက် မြန်မာ-လာအို ချစ်ကြည်ရေး တံတားဖွင့်ပွဲကို ဇန်နဝါရီ(၂၅)ရက်နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ အဆိုပါ တံတား၌ ကျင်းပသည်။
တံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မဲခေါင်-လန်ချန်းအဖွဲ့ဝင် မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ပြီး စီမံကိန်းကို မဲခေါင်မြစ်အားအသုံးပြု၍ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ရေကြောင်းဖြင့်လည်းကောင်း၊ မြန်မာလာအိုချစ်ကြည်ရေးတံတားကို အသုံးပြုကာ လာအိုနိုင်ငံနှင့် လာအိုနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ ကုန်းကြောင်းဖြင့်လည်းကောင်း၊ မြန်မာ-လာအိုနယ်စပ် ဖြတ်ကျော်ကုန်သွယ်မှုမှတဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် မြန်မာ-လာအို-တရုတ်သုံးနိုင်ငံ၏ ချစ်ကြည်ရေးသမိုင်း မှတ်တိုင်ဖြစ်လာစေရန် မျှော်မှန်းပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းပိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား ကူးသန်းသွားရေးအတွက် လူဝင်၊ လူထွက်ကိစ္စအားလုံး ပြင်ဆင်ပြီးဖြစ်ပါကြောင်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးဌာနနှင့် ပြည်ဝင်၊ ပြည်ထွက်သွားလာကြမည့် ခရီးသွားလုပ်ငန်းများကို မိမိနိုင်ငံ၏ ဥပဒေများနှင့်အညီ ဆောင်ရွက်သွားကြမည်ဖြစ်ပြီး လိုအပ်မှု၊ ချို့ယွင်းမှုတစ်စုံတရာရှိခဲ့ပါက နှစ်နိုင်ငံချုပ်ဆိုထားသည့် နယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ပါ အချက်များအတိုင်း ညှိနှိုင်းဆွေးနွေးမှာဖြစ်ကြောင်း၊ ယနေ့တွင် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းသာမက နှစ်နိုင်ငံတစ်ဘက်နှင့် တစ်ဘက်သတ်မှတ်ထားသည့် အဝင်၊ အထွက် စနစ်စာရွက်စာတမ်းများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဝင်ထွက်ခွင့်အတွက် တရားဝင်ဖွင့်လှစ်နိုင်ပြီးဖြစ်ပါကြောင်း၊ မြန်မာနှင့် လာအိုနိုင်ငံသည် ၁၉၉၅ခုနှစ်ကတည်းကစပြီး ဆယ်စု နှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေးကို ချစ်ခင်ရင်းနှီးစွာ ထူထောင်ခဲ့ကြပြီး နှစ်နိုင်ငံပြည်သူလူထုများသည် ယဥ်ကျေးမှုများ တူညီကြသည့်အပြင် ယုံကြည်ကိုးကွယ်သည့် ဘာသာရေးတရားလည်း တူညီကြပါကြောင်း၊ မြန်မာ-လာအို ချစ်ကြည်ရေး တံတားကြီးသည် ပထဝီအနေအထားအရ မိမိတို့အိမ်နီးချင်းနိုင်ငံကို ပိုမိုနီးကပ်စေရန် ဆက်သွယ်ပေးရုံသာမက ပြည်သူအချင်းချင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှု ရိုင်းပင်းကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သောစိတ်ဓါတ်များကိုပါ ချိတ်ဆက်ပေးမည့် တံတားတစ်စင်းအဖြစ် ခိုင်မာစွာယုံကြည်ပါကြောင်း၊ ချစ်ကြည်ရေးတံတားကြီးကို ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြင့် နှစ်နိုင်ငံအကြား တည်ရှိပြီဖြစ်သော ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လုံနမ့်ထာ Provine၊ Vice Governor Mr.Sivillay PANKEO (မစ်စတာစီဗီးလိုင်းပန်ကရို)က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ-လာအို ချစ်ကြည်ရေးတံတားကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လုံနမ့်ထာ Province၊ ViceGovernor Mr.Sivillay PANKEO (မစ်စတာစီဗီးလိုင်းပန်ကရို)နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရဓါတ်ပုံရိုက်ကူးကြ၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းတို့က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လုံနမ့်ထာ Province ViceGovernor Mr.SivillayPANKEOနှင့် အဖွဲ့တို့အား အမှတ်တရလက်ဆောင်ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်၊ Mr.SivillayPANKOတို့က တိုင်းရင်းသားယဥ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပန်းခြင်းများပေးအပ်ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ လာအိုနိုင်ငံဧည့်သည်တော်များမှ မြန်မာ-လာအိုချစ်ကြည်ရေးတံတားအား လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားယဥ်ကျေးမှုအကအဖွဲ့များ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာ-လာအို ချစ်ကြည်ရေးတံတား မြန်မာဘက် အဝင်တွင် တာဝန်ထမ်းဆောင်နေသော အကောက်ခွန်ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြား၍ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီ(၂၄)ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဟဲကျေးရွာအုပ်စု ပန်ကူလားဟူကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး စီမံကိန်းလုပ်ငန်းတည်းခိုလုံးချင်းအိမ်များ ဆောင်ရွက်နေမှုကို ကြည့်ရှုရာ ခရီးသွားလုပ်ငန်းဖော်ဆောင်မှု BlueSkyTigerကုမ္မဏီ တာဝန်ခံများမှ လိုက်လံရှင်လင်းကြောင်း သိရသည်။
ဆက်လက်၍ ရှင်းလင်းဆောင်ခန်းမတွင် လားဟူတိုင်းရင်းသား ဦးဟန်ဦးနှင့် ဦးကျလူးတို့က လုပ်ငန်းစဥ်တွင် ဆောက်လုပ်မည့် အစီအစဥ်များ၊ CBTကျေးရွာအနီးအနားတွင် စိုက်ပျိုးရေးလုပ်ငန်းအား လေ့လာနိုင်ရန်အတွက် ကော်ဖီ(၃၂၀)ဧက၊ လက်ဖက်(၂)ဧက၊ ထောပတ်(၂၀၀)ဧက၊ ဒူးရင်း(၅၀)ဧက၊ သရက်(၃၀)ဧက၊ ပင်မည့်(၄၀)ဧကတို့အား စိုက်ပျိုးလုပ်ကိုင်နေမှုနှင့် ဒေသထွက် သစ်ဝါးများအသုံးပြု၍ ဝါးလက်မှုပညာချောထည်ပစ္စည်း ထုတ်လုပ်ရောင်းချမည့် အစီအစဥ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် တာချီလိတ်မြို့နယ်၊ ရအယ်ရွာဟောင်းတွင် အာခါတိုင်းရင်းသားတို့ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ကော်ဖီစေ့ အဆင့်ဆင့်ထုတ်လုပ်နေမှုနှင့် ကော်ဖီအပင်များကို လှည့်လည်ကြည့်ရှုကြကြောင်း၊ အဆိုပါကော်ဖီခြံသည် ဧက(၄၈၀)ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး