
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၂၄)ရက် နံနက်(၈)နာရီက ကျိုင်းတုံမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ၂၀၂၄ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းများကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဦးဆောင်မှုဖြင့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာသန်းခေါင်စရင်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး ကို လုပ်ငန်းကြီး(၄)ရပ်နှင့်အညီ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ကစပြီး ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ကာလ ကြိုတင် ပြင်ဆင်ခြင်းကာလဖြစ်သည့်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို အားလုံးအသိဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရိုင်မြို့နယ်၊ ပညာရေးဦးစီးဌာနများ၊ တပ်ရင်းတပ်မဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် ညှိနှိုင်းအတည်ပြုပြီး အမည်စာရင်းများကို ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီကို အချိန်မီပေးပို့တင်ပြရန် မှာကြား လိုကြောင်း၊ သန်းခေါင်စာရင်းသင်တန်းများနှင့် ပတ်သက်၍ ဗဟိုအဆင့်နည်းပြသင်တန်းကို ၂၀၂၄ခုနှစ် သြဂုတ်လ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သင်တန်းကျောင်း(နေပြည်တော်)တွင် ဖွင့်လှစ်သွားမှာ ဖြစ်ပြီး သင်တန်းကိုတိုင်းဒေသကြီး၊ ပြည်နယ်(လဝက)အရာထမ်းများနှင့် အတွေ့အကြုံရှိသည့် အငြိမ်းစားအရာရှိ(၅၁)ဦး တက်ရောက်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နည်းပြသင်တန်းကို ၂၀၂၄ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာမြို့များတွင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကို ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် အထက်တန်းပြဆရာ၊ ဆရာမများ တက်ရောက်၍ ရှမ်းပြည်နယ်တွင် (တောင်ပိုင်း၊မြောက်ပိုင်း၊အရှေ့ပိုင်း) (၃)နေရာတပြိုင်တည်း ဖွင့်လှစ်သွားမှာဖြစ်ပြီး ခရိုင်အဆင့်ကို၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာခရိုင်ရုံးစိုက်ရာမြို့များတွင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကိုပညာရေးဝန်ကြီးဌာနမှ အထက်တန်း၊ အလယ်တန်းပြဆရာ၊ ဆရာမများတက်ရောက်ရမည်ဖြစ်ပြီး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းကို ၂၀၂၄ခုနှစ်စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ မြို့နယ်များတွင်ဖွင့်လှစ်၍ သင်တန်းကိုစာရင်းစစ်များ အဖြစ် တာဝန်ယူမည့်အထက်တန်း၊ အလယ်တန်းပြဆရာ၊ ဆမများ၊ စာရင်းကောက်အဖြစ် တာဝန်ယူမည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ Volunteerများဖြစ်ကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူသွားမှာဖြစ်ပြီး အချိန်ကာလအားဖြင့် (၈)လသာ ကျန်သည့် အတွက် ယခုချိန်ကစ၍ အသေးစိတ်ကြိုတင်ပြင်ဆင်ထားရှိပြီး အောက်တိုဘာလကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ယခုကောက်ယူမည့် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့အင်အားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးထိန်လင်းမှ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှာ အထွေထွေဆွေးနွေးတင်ပြကြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနညွန်ကြားရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ ရှင်းလင်းတွေးနွေးပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်တို့က ဆွေးနွေးတင်ပြ၍ ဆွေးနွေးတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ အမှတ်(၁)နမ့်ချပ်ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေနှင့်အိမ်အကြောင်း သန်းခေါင်စာရင်းကောက်ယူနေမှုကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တြိဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင် တာလေမြို့၊ မိတ္ထီလာ-တောင်ကြီး-ကျိုုင်းတုံ-တာချီလိတ်လမ်း (၇၄၃၇၄၄)ကီလိုမီတာ ကြား၊ တံတားအမှတ်(၁/၇၄၄)ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရှိမှုနှင့် တာလေတံတား(၃၂၅)ပေ ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုရာ တံတားတည်ဆောက်ရေး(၁၂)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းမှ ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မိထ္တီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း(၇၄၃-၇၄၄)ကီလီုမီတာ ကြားရှိ တာလေ(၃၂၅)ပေ တံတားသည် အကျယ်(၃၆)ပေ၊ (၁၁)မီတာ လူသွားလမ်းအကျယ် တစ်ဖက်လျှင်၃ပေ၆လက်မ(၁မီတာ) တံတားခံနိုင်ဝန်မှာ ဘီလီတံတား တည်ဆောက်ပြီး(၃၀)တန် (ယာဥ်တစ်စီးချင်း)ယခင်ကတန်(၄၀)ခံနိုင်မှု ရှိကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တာချီလိတ်ခရိုင်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မလိပါကော်ကျေးရွာတွင် ရွှေကောင်းကင် မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမီတက် ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုကြသည်။ အဆိုပါရွှေကောင်းကင်ဝက်မွေးမြူရေးခြံတွင် ဝက်ကောင်ရေ(၁၂၃၀)ကောင် မွေးမြူထားပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ယခုအထိ တစ်ကြိမ်လျှင်(၁၅၀၀)ကောင်ဖြင့် (၂)သုတ် ထုပ်ရောင်းချပြီး ယခုမွေးမြူ ထားရှိမှုမှာ (၁၂၃၀)ကောင်ဖြစ်၍ တာချီလိတ်မြို့ပေါ်ရှိ စျေးကွက်များသို့ ရောင်းချလျက်ရှိကြောင်းသိရှိရသည်။
ဒေသတွင်း ဝက်သားစားသုံးမှုနှင့် ထုတ်လုပ်မှု ဖူလုံစေရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ နိုင်ငံ့စီးပွားရန်ပုံငွေမှ ကျပ်သန်း ၂၅၀ဖြင့် ဝက်ကောင်ရေများကို တိုးချဲ့မွေးမြူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး