ဟိုပုံး ဇန်နဝါရီ-၂၂

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ်စံဖူးကျေးရွာတွင် ဇန်နဝါရီ(၂၀)ရက် ညPNLOယူနီဖောင်းဝတ်ဆင်ထား သူများ လိုက်ပါစီနင်းလာသောCanterယာဥ်နှစ်စီး၊Honda Fit ယာဥ်တစ်စီး၊ ဖိုးဝှီးယာဥ် နှစ်စီး စုစုပေါင်းယာဥ်(၅)စီးပါ ယာဥ်တန်းအား တွေ့ရှိသဖြင့် လိုအပ်သည်များ စစ်ဆေးမှုပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦးမှ သေနတ်ထောင်ဖောက်မှု ဖြစ်ခဲ့သည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း၊ PNLOယူနီဖောင်း ဝတ်ဆင်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေစဥ် ၎င်းတို့ယာဥ်တန်းမှ ယာဥ်များအား မီးရှို့ပြီး ထွက်ပြေးခဲ့သဖြင့် ယာဥ်ပေါ်ရှိ ခဲယမ်းဟု ယူဆရသော ပစ္စည်းများပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်မှု ဖြစ်ပွားခဲ့၍ လူနေအိမ်(၂၈)လုံး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီ(၂၀)ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့၍ လူနေအိမ် (၂၈)လုံး မီးဘေးသင့်ခဲ့ရာ အဆိုပါနေရာသို့ ဇန်နဝါ(၂၂)ရက် မွန်းလွဲ(၁)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်သွားသော နေအိမ်များ လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က မီးဘေးသင့်ပြည်သူများအား စောင်၊ အိမ်ယာခင်း၊ ခေါင်အုံး၊ အနွေးထည်၊ Smart အင်္ကျီ၊ ငွေသား၊ သွပ်၊ သံ၊ ပစ္စည်း(၂၂)မျိုးပါ ပုံး၊ စောင်၊ မိုးကာတဲ၊ မီးဖိုချောင်သုံးပစ္စည်းပုံး၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ ခြင်ထောင်တို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတို့က ငွေသားနှင့် ပစ္စည်းများကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှုးတို့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ မီးဘေးသင့်ပြည်သူများမှ အသီးသီးလက်ခံရယူပြီး PNOအထူးဒေသ(၆)အဖွဲ့ တာဝန်ရှိသူများမှ ငွေသားထောက်ပံ့ ပေးအပ်ရာ စံဖူးကျေးရွာ တာဝန်သူများမှ လက်ခံရယူကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးလောင်ရာတွင် တာဝန်ထမ်းဆောင်ပေးခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင် နှင့် PNOတပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ဖာလွိုင်ဘုန်းတော်ကြီးကျောင်းသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့များမှ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဥူးပဏ္ဌဝနှင့် ဆရာတော်များအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြပြီး ဖာလွိုင်ဘုန်းတော်ကြီးကျောင်းတွင် စံဖူးကျေးရွာမှ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးဘေးသင့်ပြည်များကို အားပေးစကားပြောကြား၍ လိုအပ်သည်များ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားစရိတ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး