ဟိုပုံး ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကန်သာယာမူလတန်းကြိုကျောင်းမှ ကလေးများကာယစွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် အငယ်တန်းအဆင့် ရိုးရိုးပြေး (ကျား/မ)၊ အာလူးကောက် (ကျား/မ)၊ ဖိနပ်စီး (မ) နှင့် အကြီးတန်းအဆင့် ရိုးရိုးပြေး (ကျား/မ)၊ အာလူးကောက် (ကျား/မ)၊ ဖော့ခွက်ဆင့်ပြေး (ကျား/မ) နှင့် ပုလင်းရေဖြည့် (ကျား) စသည့်ပြိုင်ပွဲများကို ကလေးများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသည့် ကလေးငယ်များကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်္ဂီအောင်၊ တောင်ကြီးမူလတန်းကြိုကျောင်းအုပ် (ငြိမ်း) ဒေါ်ဆွီခိဏ်းဟမ်၊ ကန်သာယာမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်ဝင်းမော်နှင့်ဆရာမများ၊ အေးသာယာမူလတန်းကြိုကျောင်းအုပ် ဒေါ်မြသက်အေးနှင့် ကျောင်းသားမိဘများတို့က အသီးသီးဒိုင်းဆုများနှင့် အာဟာရမုန့်များပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ မူလတန်းကြိုကျောင်းမှ နှစ်စဉ်နှစ်တိုင်း ကလေးများကာယစွမ်းရည်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အထိမ်းအမှတ် မြန်မာနှစ်သစ်ကူးလက်ဆောင်၊ ကလေးများမှ ဆရာမများအား မြန်မာ့ရိုးရာဓလေ့အရ အာစရိယပူဇော်ပွဲ၊ သီတင်းကျွတ်မီးထွန်းပွဲတော်အမှတ်တရ လက်ဆောင်များနှင့် ကျောင်းတွင်းပြိုင်ပွဲများကိုလည်း အလျဉ်းသင့်သလိုကျင်းပပေးလျက်ရှိကြောင်းသိရသည်။
“ဒီနေ့ကျင်းပတဲ့ပြိုင်ပွဲကို ကျွန်တော်တို့ က‌လေး မိဘတွေ အချင်းချင်းတိုင်ပင်ပြီးတော့ ကလေးတွေရင်းနှီးသလို ကျွန်တော်တို့မိဘတွေလဲ ရင်းနှီးမှုရအောင်၊ ကလေးတွေလဲပျော်ရွှင်အောင်၊ ကလေးတွေပျော်ရင် ကျွန်တော်တို့တွေလဲ ပျော်ရတဲ့အတွက် မိဘတွေစုပြီး ပြိုင်ပွဲဖြစ် မြောက်ရေးအတွက် အလှူငွေများထည့်ဝင်ပေးကြတဲ့ ကလေးမိဘများကို အထူးကျေးဇူးတင်ကြောင်းနဲ့ ကလေးများအတွက် စိတ်ရောလူပါမကျန် အားစိုက်ထုတ်ပေးကြတဲ့ ကန်သာယာ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာမများကို အထူးကျေးဇူးတင်ကြောင်း” ကလေးမိဘတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး