ပင်းတယ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေစီမံချက်နှင့် ပတ်သက်၍ရှင်းလင်းတင်ပြခြင်းအခမ်းအနားနှင့် ထောက်ပံ့ငွေလွှဲ ပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၂ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက ပင်းတယမြို့နယ်အနေဖြင့် နွေကြိုကာလ၊ နွေကာလနှင့် မိုးကြိုကာလ များတွင် လေပြင်းဘေးအများဆုံး ခံစားရပြီး လေပြင်းဘေးကြောင့် နေအိမ်ခေါင်မိုးများ ပြုတ်ထွက် ခြင်း၊ နေအိမ်ပြိုကျပျက်စီးခြင်းတို့ကြုံတွေ့ရလေ့ရှိသောကြောင့် ပင်းတယမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် နေအိမ်(၃၀၀)လုံးအား နေအိမ် (၁) လုံးလျှင် ငွေကျပ် (၄၅၀၀၀)(လေးသောင်းငါးထောင်)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၃၅)သိန်းအား စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ အထိအခိုက်အပျက်အစီး လျော့နည်းပါက နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ရန်ပုံငွေများမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်ပိုမိုအသုံးပြုနိုင်ပြီး မိမိတို့ရပ်ကွက်/ကျေးရွာနေပြည်သူများအတွက် ပိုမိုအကျိုးရှိစွာ ခံစားရမှာဖြစ်ပါကြောင်းနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လေပြင်းဘေး ကြိုတင်ပြင် ဆင်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအနေဖြင့်လည်း လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအလိုက် စီစဉ်ဆောင်ရွက်ရာတွင် တတ်စွမ်းသမျှ အားဖြည့်ပါဝင်ပေးကြ ပါရန်တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့်အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိက လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက်များနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအားကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းကလေပြင်းဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်မည့် ရပ်ကွက်/ကျေးရွာအုပ်စု (၂၀)အုပ်စုမှ နေအိမ် (၃၀၀)လုံးအတွက် ထောက်ပံ့ငွေ (၁၃၅၀၀၀၀)ကျပ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လက်ခံရယူခဲ့ပြီး အင်းငယ်ကျေးရွာအတွင်းရှိနေအိမ် (၄၇)လုံးအတွက် ထောက်ပံ့ငွေ (၂၁၁၅၀၀၀)ကျပ်အား လွှဲပြောင်းပေးအပ်ခဲ့ရာ အင်းငယ်ကျေးရွာအုပ်ချုပ်ရေးမှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး