ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုး ရေး စီမံကိန်းအစီအစဉ်ဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းကအဖွင့်အမှာ စကားပြောကြားရာတွင် “အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေးစီမံကိန်း(စက်ချုပ်)လုပ်ငန်းများ စနစ်တကျအောင်မြင်ပြီး မိဘပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းလာတဲ့အခါမှာ ကျွန်တော်တို့ဒေသရဲ့ရည်မှန်းချက်ဖြစ်တဲ့ အသေးစားကုန်ထုတ်လုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်ကကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူတွေအနေဖြင့်လည်း မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူမှုစီးပွားဘဝ မြင့်မားလာပြီး သားသမီးများရဲ့ပညာရေး၊ ကျန်းမာရေးများကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်လာနိုင်မှာဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်အတွက်ပိုမိုကောင်းမွန်သော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ မိဘပြည်သူများရဲ့ဝင်ငွေတိုးကျန်းမာပျော်ရွှင်ကြခြင်းဟာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ တိုးတက်မှု၊ ပျော်ရွှင်မှုများပဲ ဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက် မိပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာရှိကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်းကျားကုန်းစံပြ ကျေးရွာမှ စက်ချုပ်သင်တန်းသား (၅)ဦးအား သင်တန်းသား(၁)ဦးလျှင်ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ အပ်ချုပ်စက်(၁)လုံး၊ ဓားစက်(၁)လုံးနှင့် ဘီတင်စက်(၁)လုံး တို့ကိုထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး