ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဇန်နဝါရီလ (၇)ရက် မွန်းလွဲ၂နာရီက ဟိုမိန်းမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား မီးသတ်ဦးစီးဌာနခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နယ်စပ်မြို့ဖြစ်သည့် ဟိုမိန်းမြို့တွင် တာဝန်ထမ်းဆောင်နေကြ သော ဌာနဆိုင်ရာများအား အခက်အခဲရှိကတင်ပြရန် ၊ မြို့မိမြို့ဖအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် ၊ မြို့တာဝန်ရှိသူများမှ အားပေးဆောင်ရွက်ကြရန် ၊ ဌာန၏လိုအပ်ချက်ကိုလည်းတင်ပြရန် ၊ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန် ၊ ဌာနဆိုင်ရာများအနေဖြင့် ဌာန၏လုပ်ငန်းအလိုက် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပြီး အောင်မြင်အောင်ဆောင်ရွက်ကြရန် လမ်းညွှန်အမှာ စကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်က နယ်မြေဒေသအခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဟိုမိန်းမြို့ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများက အသီးသီးတင်ပြဆွေးနွေးရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက လိုအပ်သည်များမှာကြားပြီး ဟိုမိန်းမြို့တွင် တာဝန် ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများအား အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ မြို့အုပ်ချုပ်ရေးမှူးဦးသူရအောင် ၊ နယ်မြေရဲတပ်ဖွဲ့စခန်း ၊ စခန်းမှူးဦးမင်းမင်းထိုက်၊ တိုက်နယ် ပြည်သူ့ဆေးရုံတာဝန်ခံဆရာဝန်ဒေါက်တာစိုင်းခေးရွက်နှင့်ပညာရေးဌာနမှ ဆရာမဒေါ်ဇင်မာအောင် တို့က လက်ခံရယူခဲ့ပြီး တက်ရောက်လာကြသော မြို့အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး