
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အသိပေးရှင်းလင်းထုတ်ပြန်
တောင်ကြီး အောက်တိုဘာ ၁၆
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်ထုတ် စံတော်ချိန်နေ့စဉ် အတွဲ(၁)၊ အမှတ်(၁၇၇)တွင် “မြေကွက် သိမ်းဆည်းခံထားရခြင်း၊ ဂရန်မြေလျှောက်ထားခွင့်မရှိခြင်း သတင်းစာရှင်း” ခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နမ့်ခိုက်တိုးချဲ့ကွက်သစ်၊ နမ့်ခိုက်ဘုန်းတော်ကြီးကျောင်း၏ မြောက်ဘက်ရှိ မြေကွက်သုံးကွက် သိမ်းဆည်းခံထားရခြင်းနှင့် ဂရန်မြေလျှောက်ထားခွင့်မရရှိခြင်းတို့နှင့် ပတ်သက်၍ ယင်းမြေကွက်ပိုင်ရှင်များက သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်က ရန်ကုန်မြို့၊ မြန်မာ ဂျာနယ်လစ်ကွန်ယက်ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သတင်းထောက် အိဟေမာက ရေးသားဖော်ပြခဲ့သည်။
ထပ်မံ၍ ယင်းသို့ မြန်မာဂျာနယ်လစ်ကွန်ယက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် သတင်းအား သတင်းတမန်(Envoy)နယူးစ်ဂျာနယ် အတွဲ(၄)၊ အမှတ်(၂၀)တွင်လည်း သတင်းထောက် ငြိမ်းငြိမ်းက ရေးသား ဖော်ပြခဲ့သည်။
အဆိုပါ စံတော်ချိန်နေ့စဉ်နှင့် သတင်းတမန် နယူးစ်ဂျာနယ်ပါ ရေးသားဖော်ပြချက်များသည် အခြေအမြစ် လုံးဝမရှိသည့် အပြင် သက်ဆိုင်ရာ ပိုင်ဆိုင်မှုအငြင်းပွားသူ ကာယကံရှင်များအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အဆိုပါ ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ်အား တစ်ဖက်သတ် ဥပဒေနှင့် အညီ မဟုတ်သော၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တမင်ကြံရွယ် လုပ်ဆောင်ခြင်းသာလျှင် ဖြစ်သည်။
ထို့ပြင် သက်ဆိုင်ရာ နေ့စဉ်သတင်းစာ၊ ဂျာနယ်နှင့် သတင်းထောက်တို့အနေဖြင့်လည်း လွတ်လပ်စွာ ဖော်ပြခွင့် (Freedom of Press) ဆိုသော်လည်း သတင်း၏ အခြေအမြစ် ရှိ/မရှိနှင့် သတင်း၏ တိကျမှန်ကန်ခိုင်မာမှု ရှိ/မရှိ တို့အား စိစစ်သင့်ပြီး သတင်းသမားကျင့်ဝတ် (Code of Ethics)အရလည်း တာဝန်ယူမှု (Responsibility) နှင့် တာဝန်ခံမှုများ (Accountability)များ ရှိကြရမည်ဖြစ်သည်။
အခြေအနေမှန်မှာ အငြင်းပွားလျက်ရှိသောမြေသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁) ရပ်ကွက်၊ နယ်မြေ(၉)၊ ကွင်းအမှတ်(နမ့်ခိုက်တိုးချဲ့)၊ မယ်ဟန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမြောက်ဘက်ရှိ မြေဧရိယာ(၁.၃၂၇)ဧကနှင့် ပတ်သက်ပြီး ယခုအခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ လတ်တလောစီမံခန့်ခွဲဆောင်ရွက်နေဆဲကိစ္စ ဖြစ်သည်။
သို့ပါ၍ အသေးစိတ်သိရှိလိုပါက ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် အတွင်းရေးမှူး ဦးသိန်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှစ်ဦး ထံသို့ စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးရှင်းလင်းတင်ပြပါသည်။
( ရှမ်းပြည်နယ်အစိုးရအဖွဲ့ )