အယ်ဒီတာမှတဆင့် အိတ်ဖွင့်ပေးစာ

Feb 18, 2014

သို့

အယ်ဒီတာချုပ်

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ

ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ရက်စွဲ၊ ၁၇ – ၂ – ၂၀၁၄

ဆရာ ဦးကျော်စွာဝင်း-

၁။ ကျွန်တော် ခင်မင်ရင်းနှီးစွာ စာရေးပါတယ်၊ မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၄၉)၊ စာမျက်နှာ(၁၂)မှာ ဦးကျော်စွာနှင့် ပတ်သက်၍ ဖြေရှင်းထားသော သတင်းအား ဖော်ပြပေး၍ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ “လွတ်တော်ကိုယ်စားလှယ်နှင့် မြေသိမ်းခံရသူများကို တန်းတူစျေးနှုန်းဖြင့်သာ ရောင်းချပေးဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ မီဒီယာအကြံပေး ဖြေရှင်း” ခေါင်းစဉ်ကို ပြန်စိစစ်ပေးဖို့ မေတ္တာရပ်ခံပါတယ်၊ ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ မြေကွက်ရောင်းချပေးခြင်း မရှိခဲ့ပါ၊ အယ်ဒီတာမှတဆင့် အိတ်ဖွင့်ပေးစာ၏ စာမျက်နှာ(၂)၊ အပိုဒ်(၄)၊ အပိုဒ်ခွဲ(ခ)တွင် လူနေအိမ်ရာအတွက် လျာထားမြေ(၂၅.၇၁)ဧကတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများအား ရောင်းချခြင်း လုံးဝမပြုဘဲ တည်ဆဲမြေယာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများနှင့် အညီသာလျှင် စနစ်တကျ မြေနေရာ ချထားလျှက် ရှိကြောင်းဟု လည်းကောင်း၊ အပိုဒ်(၄)၊ အပိုဒ်ခွဲ(ဂ)တွင် မြေသိမ်းလျော်ကြေးနှင့်စပ်လျဉ်း၍ နစ်နာမှုမရှိအောင် ဥပဒေလုပ်ထုံးလုပ်နည်နှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မည်သူမဆို မြေကွက် တစ်ကွက်လျှင် ငွေကျပ်(၈၅၀၀၀၀) ပေးသွင်းရန်ဖြစ်ပြီး၊ အဆိုပါငွေကြေးမှာလည်း မြို့ပြအိမ်ရာဖွံ့ဖြိုးရေး လျှပ်စစ်မီးနှင့် လမ်းလုပ်ငန်းအတွက် ကုန်ကျစရိတ်ဖြစ်ကြောင်းဟု လည်းကောင်း ထင်သာမြင်သာအောင် ကျွန်တော် ရေးသားဖော်ပြထားပါတယ်၊ အဓိကတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ မြေနေရာ ချထားပေးခြင်းသာလျှင်ဖြစ်ပြီး၊ ရောင်းချခြင်း လုံးဝ မပြုလုပ်ပါဘူးလို့ ဆိုလိုတာပါပဲ။

၂။ အိတ်ဖွင့်ပေးစာကို ကျွန်တော့်အနေနဲ့ ဆောင်းပါး ပုံစံ ရေးသားပေးပို့ခဲ့တာပါ၊ ဒါပေမယ့် မြန်မာသံတော်ဆင့်က သတင်းထောက် ဧပြီဦး ကတဆင့် ရရှိတဲ့ သတင်းပုံစံ ပြင်ဆင်ဖော်ပြထားတာ တွေ့ရပါတယ်၊ ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဦးကျော်စွာတို့ နှစ်ဦးနှစ်ဖက်ကို မြန်မာသံတော်ဆင့်က ကြားနေပြီး ဖော်ပြပေးထားပါတယ်၊ ဒါကိုတော့ သက်ဆိုင်ရာ သတင်းစာရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့အတွက် ကျွန်တော်မပြောလိုပါ၊ ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ပေးပို့တဲ့ ဖြေရှင်းချက်အပေါ် တရားဥပဒေနဲ့ အညီဖြစ်ကြောင်းကို လုံးဝတာဝန်ယူတာဝန်ခံပါတယ်။

၃။ ဒါ့ကြောင့် မြန်မာသံတော်ဆင့် အတွဲ(၂)၊ အမှတ်(၄၉)၊ စာမျက်နှာ(၁၂)ပါ “ရောင်းချ” စကားရပ်အား ပြင်ဆင်ပေးနိုင်ရန် မေတ္တာရပ်ခံပါတယ်။

ဦးရဲနိုင်အောင်၊ မောင်ဒဂုန်(မြန်မာ့မြေ)

ပြည်သူ့ဝန်ဆောင်မှုမီဒီယာ ကျွမ်းကျင်သူ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီးမြို့

အယ်ဒီတာမှတဆင့် အိတ်ဖွင့်ပေးစာ

၁။ အိတ်ဖွင့်ပေးစာက(၈.၂.၂၀၁၄)ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၂)၊ အမှတ်(၄၈)မှာ ဖော်ပြပါရှိတဲ့ “တောင်ကြီးမြို့၊ ဘန့်ကွေးကျေးရွာတွင် ပြည်နယ်အစိုးရအဖွဲ့မှ မြေများ သိမ်းယူ၍ လွှတ်တော်ကိုယ်စားလှယ်များအား မဲဖောက်ရောင်းချ” သတင်းနဲ့ပတ်သက်ပါတယ်။ အဆိုပါ သတင်းစာမှာ သတင်းထောက် တင်ဇာအောင်က အောက်ပါအတိုင်း ရေးသားပေးပို့ထားတာကို အဓိက တွေ့ရှိရတယ်-

(က) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စု၊ မကျည်းပင်ရွာ၊ ကွင်းအမှတ် (၁၃၆)နှင့် ပတ်ဝန်းကျင်ရှိ မြေဧကခန့်မှန်း(၁၀၀)ဧကအား အားကစားသိပ္ပံ(အေးသာယာ) ဆောက်လုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိမ်းယူထားကြောင်း၊

( ခ) ယင်းမြေများအား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲ များအား မဲဖောက်ရောင်းချပေးခြင်းနှင့် မြေသိမ်းလျော်ကြေးအား တရားမျှတမှုမရှိဘဲ ဆောင်ရွက်နေကြောင်း၊

( ဂ) မြေသိမ်းလျော်ကြေးအဖြစ် သိမ်းဆည်းခံမြေ၏ ၁၅ ရာခိုင်နှုန်းကို (၄၀x၆၀)ပေ အိမ်ခြံ မြေကွက်များရိုက်၍ ပြန်ပေးမည်ဖြစ်ပြီး မြေကွက်တစ်ကွက်လျှင် ငွေကျပ်(၁၁)သိန်းဖြင့် ပြန်ဝယ်ရမည်ဖြစ်ကြောင်း၊

(ဃ) မြေကွက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအချို့ စုစုပေါင်း(၁၁၆)ဦးတို့ကို မြေတစ်ကွက်လျှင် ကျပ်(၈၅၀၀၀၀)ဖြင့် ရောင်းချပေးနေကြောင်း၊

( င) လွှတ်တော်ကိုယ်စားလှယ်တွေကို မြေတစ်ကွက်လျှင် ကျပ်(၈၅၀၀၀၀)ဖြင့် ရောင်းပြီး ၎င်းတို့ အနေဖြင့် မြေလည်း အသိမ်းခံရ၊ ကျပ်(၁၁)သိန်းနဲ့လည်း ပြန်ဝယ်ရကြောင်း၊

၂။ အထက်ပါသတင်းတွေကို သတင်းထောက် တင်ဇာအောင်အနေနဲ့ မြေသိမ်းခံရသူ တစ်ဦးဖြစ်တဲ့ ဦးကျော်စွာက မြန်မာသံတော်ဆင့် သတင်းစာသို့ ပြောကြောင်းဖြင့်လည်း ထည့်သွင်းပါရှိတယ်၊ အထက်ပါ သတင်းတွေနဲ့ ပတ်သက်လို့ အခြေအနေမှန်သိရှိအောင် စာရေးသားပေးပို့ရတာပါ၊ စာရေးသူဟာ ရှမ်းပြည်နယ်မှာ ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးမီကမှ သက်ပြည့်အငြိမ်းစားယူခဲ့တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်ပါတယ်၊ဆက်ပြီးတော့လည်း ပြည်နယ်အစိုးရအဖွဲ့မှာ ပြည်သူ့ဝန်ဆောင်မှုမီဒီယာကျွမ်းကျင်သူအဖြစ် လုပ်ငန်းများ ဆောင်ရွက်နေပါတယ်၊ တကယ်တော့ သတင်းပေးပို့ ပြောကြားခဲ့တဲ့ ဦးကျော်စွာဟာလည်း တစ်ချိန်က တောင်ကြီးမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်၊ ယခုအခါ သူကိုယ်တိုင် မြန်မာသံတော်ဆင့်သတင်းစာကို မမှန်မကန် ပြောကြားတာ တွေ့ရပါတယ်၊ မြေယာကိစ္စမှာ ဒေသခံတိုင်းရင်းသား တောင်သူမဟုတ်ဘဲ ယခင်မြို့နယ်ကြက်ဆူစိုက်ခင်း မြေ(၁၂.၇၆)ဧကအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်ခြင်းမရှိဘဲ နိုင်ငံ့ဝန်ထမ်းဖြစ်ပါလျက် ကိုယ့်ကိုယ်ကို သီးစားချထားရယူပြီး ကိုယ်ကျိုးအတွက် အခြားတစ်ယောက်ကို ငွေကျပ်(၂၀၆၀)သိန်းဖြင့် စာချုပ်ချုပ်ဆိုရောင်းချခဲ့တယ်၊ ကြိုတင်ငွေကျပ်(၅၀၀)သိန်းကိုလည်း လက်ခံရယူ ထားခဲ့ပြီးဖြစ်တယ်၊ တကယ်တော့ အိမ်ကွက်များကိုလည်း အခမဲ့ရရှိရေး ပြန်လည်စဉ်းစားပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြသော်လည်း လျစ်လျူရှုထားကြောင်း ဦးကျော်စွာကပြောနေပေမဲ့ သူဟာအကျိုးခံစားခွင့်မရှိပါဘူး၊ ဒါကြောင့် တစ်လွဲအသုံးပြုခဲ့ကြောင်း ဌာနဆိုင်ရာက စစ်ဆေးပေါ်ပေါက်တဲ့ အတွက် ပြစ်ဒဏ်ချမှတ် အရေးယူခံခဲ့ရသူ ဖြစ်ပါတယ်၊ အခုချိန်မှာတော့ သူဟာ အငြိမ်းစားနေပါပြီ။

၃။ ဒီနေရာမှာ တရားသူကြီးများနဲ့ စာရေးသူတို့ရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလို မြေယာစီမံခန့်ခွဲ မှု ဆောင်ရွက်ရတဲ့ ပုဂ္ဂိုလ်များဟာ သဘာဝချင်းတူတာ တစ်ခုရှိပါတယ်၊ ဒါကတော့ ဘယ်လိုပဲ တရား ဥပဒေနှင့်အညီ ဆောင်ရွက်တယ် ( Rule of Law )ဆိုစေကာမူ မြေယာမှုခင်း၊ ဖြစ်စဉ်ဖြစ်ရပ်နဲ့ သက်ဆိုင်တဲ့ လူများဟာ ပုထုဇဉ်လောဘသားများဖြစ်တာကြောင့် ရလျှင်ရ၊ မရလျှင် ချမယ်ဆိုတဲ့ အောက်တန်းစား စိတ်တွေနဲ့ တတ်သလောက် မှတ်သလောက် ပုံကြီးချဲ့စာတိုစာရှည်တွေရေးပြီး အဆုံးဖြတ်ပေးရတဲ့ နိုင်ငံ့ဝန်ထမ်းကို ဒုက္ခလှလှကြီး ပေးတော့တာပါပဲ၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ် စသည်ဖြင့် ဇာတ်နာအောင်ရေးပြီး တိုင်ကြားပေးပို့လိုက်တဲ့စာတွေ ပလူကိုပျံနေ တာပါပဲ၊ ကံကောင်းလို့ လိပ်စာမှာ ကမ္ဘာ့ကုလသမဂ္ဂပဲ ပွတ်ကာသီကာကျန်ခဲ့တယ်၊ ကံမကောင်းတဲ့အခါ များမှာတော့ ပုံကြီးချဲ့တယ်မပြောနဲ့၊ ပုံကြီးဆိုတာ ပုံသေးမရှိဘဲ ချဲ့လို့မရဘူးဆိုပြီး တာဝန်ယူ တာဝန်ခံမှု အားနည်းတဲ့ အချို့သော အထက်ဌာနများရဲ့ ငှက်မသိတော့ ဆက်ရက်ကို ချိုးထင်တဲ့ ဖြစ်စဉ်တွေနဲ့ကြုံရပြီး စုံစမ်းစစ်ဆေးတာတွေ၊ စိစစ်တာတွေ၊ ဖြေရှင်းချက်တောင်းတာတွေ ခံရတတ်သေးတယ်၊ ဒါနဲ့ပဲ အမှန်တရားသမားတွေ မှန်ကိုကန်တဲ့အတွက် ကာလနာ တိုက်ခဲ့တာတွေ၊ တရားခံဖြစ်သွားရတဲ့ တရားသူကြီးဘဝတွေ လည်း ရှိတတ်ကြတယ်။

၄။ ဒါ့ကြောင့် အထက်မှာ ဦးကျော်စွာက မြန်မာသံတော်ဆင့် သတင်းစာကို ပြောတဲ့ သတင်းမှားတွေနဲ့ ပတ်သက်လို့ စာရေးသူအနေနဲ့ အောက်ပါအတိုင်း အခြေအနေမှန်အား အယ်ဒီတာမှတဆင့် ပေးပို့လိုက်ပါ တယ်-

(က) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စု၊ မကျည်းပင်ရွာ၊ ကွင်းအမှတ် (၁၃၆)နှင့် ပတ်ဝန်းကျင်ရှိ မြေဧက(၆၈.၄၄)ဧကအနက် ရှမ်းပြည်နယ် မျိုးဆက်သစ် အားကစားလူငယ်များ မွေးထုတ်ပေးမည့် အားကစားသိပ္ပံအကယ်ဒမီ ဆောက်လုပ်ရန် အတွက် ယခင်(နဝတ)အစိုးရကာလက သတ်မှတ်ပေးတဲ့ (၄၂.၇၃)ဧကနှင့် လူနေအိမ်ရာ အတွက် လျာထားတဲ့(၂၅.၇၁)ဧကတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့က လုပ်ထုံးလုပ်နည်းနှင့် အညီ စီမံ ထားကြောင်း၊

( ခ) လူနေအိမ်ရာအတွက် လျာထားမြေ(၂၅.၇၁)ဧကတွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများအား ရောင်းချခြင်း လုံးဝမပြုဘဲ တည်ဆဲမြေယာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများနှင့် အညီသာလျှင် စနစ်တကျ မြေနေရာ ချထားလျှက် ရှိကြောင်း၊

( ဂ) မြေသိမ်းလျော်ကြေးနှင့်စပ်လျဉ်း၍ နစ်နာမှုမရှိအောင် ဥပဒေလုပ်ထုံးလုပ်နည်နှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မည်သူမဆို မြေကွက် တစ်ကွက်လျှင် ငွေကျပ်(၈၅၀၀၀၀) ပေးသွင်းရန်ဖြစ်ပြီး၊ အဆိုပါငွေကြေးမှာလည်း မြို့ပြအိမ်ရာဖွံ့ဖြိုးရေး လျှပ်စစ်မီးနှင့် လမ်းလုပ်ငန်းအတွက် ကုန်ကျစရိတ်ဖြစ်ကြောင်း၊

(ဃ) မြေကွက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအချို့ စုစုပေါင်း(၂၀၆)ဦးတို့ကို မြေတစ်ကွက်လျှင် ကျပ်(၈၅၀၀၀၀)ဖြင့် စနစ် တကျ ချထားပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ချထားပေးရန် စီစဉ်လျှက် ရှိကြောင်း၊

( င) လွှတ်တော်ကိုယ်စားလှယ်များနှင့် မြေသိမ်းခံရသူများသည် ညီတူမျှတူ မြေတစ်ကွက်လျှင် ကျပ်(၈၅၀၀၀၀)ဖြင့်သာလျှင် နေရာချထားပေးလျှက်ရှိကြောင်း၊

၅။ မြေယာစီမံခန့်ခွဲမှု လုပ်ငန်းများဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်ပါတယ်၊ ဖြေရှင်း ဆောင်ရွက်ရတဲ့ နေရာမှာ များစွာ သိမ်မွှေ့ပြီး ရှုပ်ထွေး နက်ရှိုင်းပါတယ်၊ တိုင်းပြည်က နုနု၊ ဒီမိုကရေစီ လှိုင်းကထန်ထန် အချိန်အခါမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတဲ့ကိစ္စရပ်များဟာ သက်ဆိုင်ရာအစိုးရ အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်၊ ဒါ့ကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မှန်ကန်ရမယ်၊ မျှတရမယ်၊ ဥပဒေနဲ့ညီရမယ်ဆိုတဲ့ ခံယူချက်နှင့်ဆောင်ရွက်လျက်ရှိကြောင်း အခြေအနေမှန်ကို ပေးပို့ ဖော်ပြလိုက်ပါတယ်။

လူနှင့် လူချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ …..။

မောင်ဒဂုန်(မြန်မာ့မြေ)

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482