လယ်ယာကုန်ထုတ်မှု ဖွံ့ဖြိုးတိုးတက်ရေး

Mar 3, 2013

လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု

  • ၂၀၁၂-၂၀၁၃ ခုနှစ် နွေစပါးစိုက်ဧကများအတွက် ပုလဲသွယ်မျိုး ၁၁၆၅၀ ကီလို ဖြန့်ဖြူးပေးပြီးဖြစ်ပါသည်။
  • ရှမ်းပြည်နယ်၌ ၂၀၁၃-၂၀၁၄ ခုနှစ် မိုးစပါးရာသီတွင် အထူးအထွက်တိုးပုလဲသွယ်စပါးနှင့် ပုလဲသွယ် ဆန်မွှေးစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပုလဲသွယ်စပါး ၁၀၀၅၀ ကီလို၊ ပုလဲသွယ်ဆန်မွှေးစပါး ၁၀၀၀ ကီလို၊ စုစုပေါင်း ၁၁၀၅၀ ကီလို မှာယူထားပြီးဖြစ်ပါသည်။
  • ၀ဥစမ်းသပ်မျိုးပွား စိုက်ပျိုးရန်အတွက် လွိုင်လင်ခရိုင်တွင် ဂျပန်ဝဥမျိုးစေ့ (၁)ဧကစာ မျိုးစုဆောင်းထားရှိပြီးဖြစ်၍ မျိုးပွားစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါသည်။
  • စိုက်ပျိုးရေးဦးစီးဌာနမှ CDN(NGO)နှင့်ပူးပေါင်း၍ ရောဂါဒဏ်ခံနိုင်သော အာလူးမျိုးကောင်းမျိုးသန့်ပွားများ ဖြန့်ဝေစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဟဲဟိုး မျိုးပွားခြံတွင် Tissue နည်းဖြင့် အာလူးမျိုးထုတ်စိုက်ခင်း ဆောင်ရွက်ရန် Green House (၁)လုံး Potato Storage (၂)လုံးကို ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ပါသည်။
  • အာလူးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး နည်းပညာသင်တန်းဖွင့်လှစ် ဆောင်ရွက်ခဲ့ ပါသည်။ ၂၀၁၃ ခုနှစ်တွင် အာလူးမျိုးများ မျိုးပွားခြင်း (၃)ဧက ဆောင်ရွက်ပြီးဖြစ်ပါသည်။
  • တောင်သူ(၂၄၀)ဦးအတွက် အာလူးမျိုးကောင်းမျိုးသန့်နှင့် သွင်းအားစု ဖြန့်ဝေခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
  • ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်း(တောင်)တွင် စိုက်စရိတ်ချေးငွေ ၆၁၀၀၀၀၀ ကျပ်၊ ရှမ်း(အရှေ့)တွင် စိုက်စရိတ်ချေးငွေ ၃၆၀၀၀၀၀ ကျပ်၊ စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေ ၉၇၀၀၀၀၀ ကျပ် ထုတ် ချေးပေးပြီးဖြစ်ပါသည်။ ရှမ်း(မြောက်)အတွက် စိုက်စရိတ်ချေးငွေ ရရှိရေး ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။
  • တောင်သူများ ပုလဲသွယ်စပ်မျိုးစပါး စျေးနှုန်းချိုသာစွာဖြင့် ရရှိစေရန် မိမိဒေသအတွင်းတွင် မျိုးစေ့စမ်းသပ်ထုတ်လုပ်ခြင်းကို ညောင်ရွှေမြို့နယ်တွင်(၅)ဧက စိုက်ပျိုးဆောင်ရွက် လျက်ရှိပါသည်။
  • ဒေသရာသီဥတုနှင့် ကိုက်ညီသော တာပဲကူစပါးမျိုးကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကလောမြို့နယ်မှ ၁၀.၅ တင်း၊ ပင်းတယမြို့နယ်မှ ၁၀.၀ တင်း၊ နမ့်စန်မြို့နယ်မှ ၂၀.၀ တင်း၊ ပြည်နယ်စိုက်/မွေး ဝန်ကြီး၏ အစီအစဉ်ဖြင့် မျိုးထပ်မံစုဆောင်းမှု ၁၅.၀ တင်း၊ စုစုပေါင်း၅၅.၅ တင်း မျိုးစုဆောင်း လျက်ရှိပြီး ၂၀၁၃-၂၀၁၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးသွားမည် ဖြစ်ပါသည်။
  • စပ်မျိုးနေကြာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် ပင်လောင်းမြို့နယ်၊ တီကျစ်မျိုးသန့်ခြံတွင် စပ်မျိုးနေကြာ (၁၅)ဧကကို စိုက်ပျိုးပြီး ထွက်ရှိသည့် မျိုးတင်း(၁၂၀)ကို မြို့နယ်များသို့ ဖြန့်ဝေ သွားမည် ဖြစ်ပါသည်။
  • တောင်သူ နည်းပညာပေး ဆွေးနွေးပွဲများတွင် သိပ္ပံနည်းကျစိုက်နည်းစနစ်(၁၄)ချက် လိုက်နာကျင့်သုံးရန် ပညာပေးခြင်း၊ မျိုးစေ့အရည်သွေး ထိန်းသိမ်းရန်အတွက် မျိုးကောင်းမျိုးသန့်ပြောင်းလဲ စိုက်ပျိုးရေး နည်းပညာ၊ ဓာတ်မြေသြဇာနှင့် သဘာ၀မြေသြဇာ အချိုးကျကျ ရောနှောသုံးစွဲရေး၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းစနစ်များ၊ NGO အဖွဲ့အစည်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၌ ပူးပေါင်း၍ တောင်သူပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

စိုက်ပျိုးရေဖူလုံစွာရရှိရေးအတွက်-

  • စိုက်ပျိုးရေဖူလုံစွာ ရရှိရေးအတွက် ကလောမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ကျီးဖြူကန်၊ ရပ်စောက်မြို့နယ်၊ ပိန်းချောင်းရေလွှဲတမံ၊ ဟိုပုံးမြို့နယ်၊ မြို့မရေလွှဲဆည် ၊ သိန်းနီမြို့နယ်၊ နမ့်မျှင့် ရေလွှဲဆည်၊ ကျိုင်းတုံမြို့နယ်၊ နောင်အောကျေးရွာအနီး နမ့်ကိုင်ချောင်းပိတ်ခြင်း၊ ယန်းလောအုပ်စု၊ လောက်ဖန်းရွာအနီး နမ့်ခင်ချောင်းခွဲ ပိတ်ခြင်း၊ နမ့်လပ်ရေလွှဲဆည် တို့အား ရေတံခါးအသစ် တပ်ဆင်ခြင်းနှင့် အဟောင်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါသည်။
  • ဆည်ရေသောက်စနစ်ပြုပြင်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ရပ်စောက်မြို့နယ်၊ ဗထူးစမ်းရေလွှဲဆည် လက်ဝဲဘက်မြောင်းကျောက်စီခြင်း၊ မိုင်းပန်မြို့နယ်၊ လဝရေလွှဲဆည် မြောင်းထိပ်ရေသွင်းတံခါး တည်ဆောက်ခြင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ရေလှောင်တမံ၏ လက်၀တူးမြောင်းပေတိုင်အမှတ် (၈+၆၀၀) ပေခန့် တွင် ကျောက်ရိုးစီခြင်း၊ မျောရိုက်၊ ဝါးကပ်ကာမြောင်းပေါင်ဆင့်ခြင်းနှင့် Side Spill တည်ဆောက်ခြင်းနှင့် သီပေါမြို့နယ်၊ ဖာဖိတ်ရေလွှဲဆည် လက်ယာမြောင်းလက်ဝဲပေါင်ပေတိုင်အမှတ် (၁+၆၅၀)ပေမှ(၁+၈၀၀)ပေ အထိ ကျောက်ရိုးမြေထိန်းနရံပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ် ပါသည်။
  • ကျောက်နီလျှပ်စစ် ရေတင်လုပ်ငန်းတွင် မြေကြီးလုပ်ငန်းနှင် လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ် ပါသည်။
    ဒါးဆိပ်လျှပ်စစ် ရေတင်လုပ်ငန်းအား ဒီဇယ်ရေတင်မှ လျှပ်စစ်ရေတင်သို့ ပြောင်းလဲ ဆောင်ရွက်လျက်ရှိ ပါသည်။
    စက်မှုလယ်ယာကူးပြောင်းရေးအတွက်
    အလုပ်ရုံဆွေးနွေးပွဲ(၄)ကြိမ်ဆောင်ရွက်ခဲ့ရာ တောင်သူ(၄၂၄)ဦးတက်ရောက်ခဲ့ ပါသည်။
  • လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု တောင်သူပညာပေး(ဒေသတွင်း) သင်တန်း(၆)ကြိမ်ပြုလုပ်ခဲ့ရာ တောင်သူ(၂၄၀)ဦးတက်ရောက်ခဲ့ ပါသည်။
  • လယ်ယာသုံး စက်ကိရိယာများဖြစ်သည့် လက်တွန်ထွန်းစက် ၆၈၅-စီး၊စပါးခြွေ လှေ့စက် ၁၇-စီး၊ အင်ဂျင် ၁၂-လုံးတို့အား တောင်သူများထံသို့ အရစ်ကျ ငွေပေးချေသည့်စနစ်ဖြင့်ရောင်းချပေးပြီးဖြစ် ပါသည်။
  • နိုင်ငံတော်သမ္မတ၏ လယ်ယာကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လမ်းညွှန်မှု(၅)ရပ်မှ စတုတ္ထအချက်ဖြစ်သည့် “ခေတ်မီမြေယာပြုပြင်ပြောင်းလဲရေး” လမ်းညွှန်မှုအရ ရှမ်းပြည်နယ်အတွင်း တောင်သူလယ်သမားများအား နည်းပညာပေး သည့်အနေဖြင့် စက်မှုလယ်ယာ စနစ်ကျဧကကွက်များ ဖော်ထုတ်ခြင်း လုပ်ငန်းကို ညောင်ရွှေမြို့နယ်၊ ကျော့မောင်ငယ်ရွာ တောင်သူ ဦးမဲ ၏ လယ်မြေ(၁၃.၉၇)ဧကအား စံနမူနာပြအဖြစ် ၂၀၁၃ခုနှစ် ဇန်နဝါရီလအတွင်း ဆောင်ရွက် နိုင်ခဲ့ပါသည်။ ဤသို့ဆောင်ရွက်မှုတွင် ကုန်ကျစရိတ်နှင့် တောင်သူဆန္ဒအရ SemiMechanized Farming စနစ်ကိုသာဆောင်ရွက်နိုင်ခဲ့ပါသည်။
  • ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်တွင် ကွတ်ခိုင်မြို့နယ်၍ (၁၀၀)ဧက၊ ကျိုင်းတုံမြို့နယ်၌ (၁၀၀)ဧကနှင့် ဟိုပုံးမြို့နယ်၌ (၁၀၀)ဧကတို့ကို လှေကားထစ်လယ်ယာမြေဖော်ထုတ်နိုင်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482