တောင်ကြီးမြို့၌ မီးငြှိမ်းသတ်ရေးနှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြ

Mar 28, 2022

တောင်ကြီး မတ် – ၂၈

ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များမှ ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး စွမ်းရည် သရုပ်ပြခြင်းကို မတ်(၂၈)ရက် နံနက်(၉)နာရီက တောင်ကြီးခရိုင် မီးသတ်စခန်း တောင်ကြီး-ဟိုပုံးမြို့အထွက် (၂)မိုင်၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြစ်ပွားကြုံတွေ့ရသည့် မီးလောင်မှုများ လျော့နည်းကျဆင်းစေရန် ပိုမိုလုံခြုံစိတ်ချရသော နေထိုင်မှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကို လျော့နည်းကျဆင်းစေရန် မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်ကြုံတွေ့မှုများကို လျှော့ချနိုင်ရန် ခေတ်မီ မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာလေ့ကျင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၄ ခုနှစ်မှစပြီး ယနေ့အထိ မီးသတ်ယာဉ်စက်စုစုပေါင်း(၅၄၈)စီး ဖြည့်တင်း နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်မှာလည်း မီးသတ်ယာဉ်(၂၂)စီး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်း ကိရိယာများကို ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်တွင် မီးလောင်မှု (၂၀၅) ကြိမ်၊ ဆုံးရှုံးမှု တန်းဖိုးကျပ် (၂၇၅.၉၂) သန်းခန့်ရှိပြီး ၂၀၂၁ ခုနှစ်တွင် မီးလောင်မှု (၁၇၃) ကြိမ်၊ ဆုံးရှုံးမှု တန်ဖိုးကျပ် (၂၇၅.၆၂) သန်းခန့် ဆုံးရှုံးခဲ့ပါကြောင်း ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် မီးလောင်မှု နှိုင်းယှဉ်ရာတွင် ၂၀၂၁ ခုနှစ်မှာ မီးလောင်မှု ကြိမ်ရေ ၃၂ ကြိမ် လျော့နည်းပြီး မီးလောင်ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ကျပ် (၁၀၀.၃) သန်း လျော့နည်း သက်သာခဲ့ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးချင်းစွမ်းရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်သည့်အတွက် ခံယူထားကြပြီး ပြည်သူယုံကြည်အားကိုးအားထားပြုရသည့် မီးသတ်တပ်ဖွဲ့ဝင်ဖြစ်အောင် လေ့ကျင့်တည်ဆောက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ Brave Heart တစ်ဦးချင်းစွမ်းရည်သရုပ်ပြသခြင်း၊ Dry Chemical Power (D.C.P) မီးသတ်ဆေးဘူးဖြင့် ဆီမီးလောင်မှုအား မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ 3D Nozzle ကိုအသုံးပြုပြီး ဆီမီးလောင်မှုအား သရုပ် ပြသခြင်း၊ Tank Fire စက်သုံးဆီသိုလှောင်ကန် မီးလောင်မှုအား သရုပ်ပြသခြင်း၊ အထပ်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းများတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှု အားပေးကြပြီး ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း ကိရိယာများကို ကြည့်ရှုကြ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဆရာ၊ ဆရာမများအတွက် ရေမီးအဆင်ပြေစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးနေသော စက်ရေတွင်းဟောင်းမှ ရေထွက်ရှိနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး တာဝန်ရှိသူ များကို လိုအပ်သည်များ မှာကြားခဲ့ပြီး တောင်ကြီးမြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်အတွက် ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ယူ၍ မဏ္ဍပ်တည်ဆောက်မည့်နေရာအား ကွင်းဆင်း ကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

 

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482