တောင်ကြီး အောက်တိုဘာ-၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်း ၊ ဓနု ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ပြည်နယ် ၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အောက်တိုဘာ(၂)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိုင်ငံတော် ရှေ့ဆက်သွားနေသည့် ရည်မှန်းချက်၊ ဦးတည်ချက်များ လုပ်ငန်းနှင့် ပတ်သက်၍ မိမိသက်ဆိုင်ရာ ဒေသများတွင် ပြည်သူပြည်သားများနှင့် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက် သော်လည်းကောင်း၊ ဌာနများအလိုက်သော်လည်းကောင်း အခက်အခဲများနှင့် တွေ့ကြုံနေရသည့် ကဏ္ဍများကို စုစည်းပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတစ်ခု အတွက် အရေးအကြီးဆုံးမှာ အစိုးရအဖွဲ့၏ ရည်မှန်းချက်၊ ဦးတည်ချက် မူဝါဒများ ချမှတ်ပေးရကြောင်း၊ မူဝါဒများ ချမှတ်ပြီးဆိုပါက သက်ဆိုင်ရာ တာဝန်ရှိသည့် ပြည်ထောင်စု အစိုးရ ပြည်နယ်နှင့် တိုင်းဒေသအစိုးရ တာဝန်ရှိသူများက အကောင်အထည် ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အဓိကမှာ တိုင်းပြည် သာယာဝပြောရေးနှင့် အေးချမ်းသာယာရေးအတွက် ရဟန်းရှင်၊ ပြည်သူပြည်သား များပါဝင် နိုင်မှသာ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကော်မတီ ငါးရပ် ချမှတ်ဖွဲ့စည်းထားပြီး ၎င်းကော်မတီငါးရပ်တွင် နိုင်ငံခြားရေးရာမူဝါဒ ကော်မတီ၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးရာကော်မတီ၊ ပညာရေး ၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု ကော်မတီ(၅)ရပ်ကို မိမိတို့ နိုင်ငံတော်ကောင်စီများနှင့် သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ တာဝန်ရှိသူများ ပူးတွဲတာဝန်ပေးအပ်ထားပါကြောင်း၊ ရှေ့လုပ်ငန်းစဥ် ငါးရပ်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဥ် ငါးရပ်တွင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိအောင် အလေးထား ဆောက်ရွက်ရန် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အကြုံးဝင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု မြှင့်တင်၍ နိုင်ငံ့စီးပွားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားမြှင့်တင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ ပကတိ အနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရလဒ်နှင့် တည်ငြိမ်မှုရှိစေရန် NCA ပါ သဘောတူညီချက်အတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်ရန်၊ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဥ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများနှင့် နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျ၍ မှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာစေရေးဆောင်ရွက်ခြင်း၊ အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက် ငါးနှစ်တိတိ ဆောင်ရွက်ခြင်း ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရကို မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို လွဲအပ်ပေးပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဥ်(၅)ချက်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အလိုက်သော်လည်းကောင်း မိမိတို့ဒေသ၏ ပကတိပညာရေး၊ ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး စသည့် အခက်အခဲကို ပြည်သူများမှ လိုအပ်ချက်နှင့် လူမှုရေး၊ စီးပွားရေးပိုင်းတွင်လည်း လိုအပ်ချက်များကို မိမိတို့အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် မိမိတို့မှ တစ်ဆင့်အကြီးအကဲထံ တိုက်ရိုက်ထိတွေ့ရောက်ရှိသွားအောင် ပေါင်းကူးခြင်းဖြင့် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသည့် အစိတ်အပိုင်းတွင် ပြည်နယ်၏ လုပ်ပိုင်ခွင့် ဆောင်ရွက်နိုင်ခွင့်ရှိသည့် အစိတ်အပိုင်းကို ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း၊ ဖြေရှင်းလို့ မရသည့်ကိစ္စရပ်များကို ပြည်ထောင်စုကဏ္ဍတွင် ဖြေရှင်းရမည်ဆိုပါက ဆောင်ရွက်ပြီး တစ်ချို့ကဏ္ဍတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖြေရှင်းရမည့် ကဏ္ဍတွင်လည်း ပြန်လည် လက်ဆင့်ကမ်းယူ၍ တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ဒေသအတွက် အကောင်းဆုံးဖြစ်အောင် လာရောက် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ပအိုဝ်း၊ဓနု၊အင်း စာပေယဥ်ကျေးမှုအဖွဲ့များနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အာလူး လုပ်ငန်းရှင်များအသင်း၊ မဲနယ်တောင်ဒေသ ကော်ဖီစိုက် အစုအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီလုပ်ငန်းရှင်းများနှင့် မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်ချက် တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးခွန်စံလွင်ကနိဂုံးချုပ် အမှာစကားပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး