တောင်ကြီး အောက်တိုဘာ-၁
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို အောက်တိုဘာ(၁) နံနက်(၉)နာရီက တောင်ကြီးမြို့ ၊မြို့တော်ခန်းမ၌ ကျင်းပသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းရည်ပြည့်ဝခေတ်မီသည့် နိုင်ငံတကာအဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် တပ်ဖွဲ့ဝင်များ အသိပညာအတတ်ပညာများ တိုးတက်မြင့်မားစေရေး၊ တပ်ဖွဲ့တွင်း လုပ်ငန်းစွမ်းရည်များ တိုးတက်မြင့်မား စေရေး၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ ခေတ်မီစက်ကိရိယာများနှင့် နည်းပညာရပ်များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာ စကား ကျွမ်းကျင်တတ်မြောက်စေရေး၊ ဆိုက်ဘာမှုခင်းများနှင့် ပတ်သက်ပြီး ကျွမ်းကျင်စွာ စုံစမ်းဖော်ထုတ် နိုင်ရေးတို့အတွက် ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်သည့် သင်တန်းများကို စေလွတ် တက်ရောက်လျက် ရှိပါကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှု ပိုမိုရရှိစေရန် ရဲတပ်ဖွဲ့ဝင်များသည် အဂတိတရား ကင်းကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့က ချမှတ်ထားသည့် ရဲစည်းကမ်း ၊ ရဲကျင့်ဝတ်များကိုလည်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် လိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့် အညီ လုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး အကာအကွယ်ပေး စောင့်ရှောက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုက ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်၊ ရဲကျော်သူတံဆိပ်များရရှိသော တပ်ဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် လက်ရုံးတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ အမှတ်(၄) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းအုပ်ကြီး ရဲမှူးကြီးဗညားဦးမှ လက်ခံရယူသည်။
ထို့နောက် လုပ်ငန်းစွမ်းရည် ထူးချွန်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်ရောင်းဝယ်မှုများ ဖမ်းဆီးရမိအောင် စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့်ရာထူးတံဆိပ် တပ်ဆင်ပေးရန်နှင့် ဂုဏ်ပြုဆုငွေများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ လုပ်ငန်းစွမ်းရည် ထူးချွန်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့် ရာထူးတံဆိပ် တပ်ဆင်ပေးရန်နှင့် ဂုဏ်ပြုဆုငွေများကို အမှတ်(၄)ရဲလေ့ကျင့်ရေးသင်တန်း ကျောင်းအုပ်ကြီး ရဲမှူးကြီးက ချီးမြှင့်ပေးကြကြောင်း သိရသည်။
၎င်းနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသ၍ ဆုရရှိသည့် တပ်ဖွဲ့ဝင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအား ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး