တောင်ကြီး စက်တင်ဘာ-၂၉
၂၀၂၃ခုနှစ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး ဆင့်ပွားနည်းပြသင်တန်း (၁/၂၀၂၃)သင်တန်း ဆင်းပွဲကို စက်တင်ဘာ(၂၉)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယက ဒေါ်နှင်းဝေက ရှမ်းပြည်နယ် အမျိုးသမီးအားကစား ကော်မတီအနေဖြင့် ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၁)ရက်မှ (၂၇)ရက်နေ့အထိ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သော အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (Aerobic) နည်းပြ ဒိုင်သင်တန်းသို့ ရှမ်းပြည်နယ်မှ (၅)ဦးစေလွှတ်တက်ရောက်ခဲ့ရာ (၄)ဦးမှာ ထူးချွန်စွာ အောင်မြင်ခဲ့သည်ကို ဝမ်းသာဂုဏ်ယူဖွယ်တွေ့ရပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသူ စုစုပေါင်း(၃၈)ဦး တက်ရောက်ခဲ့ပြီး ပြည်နယ်အတွက် အားထားရသော နည်းပြကောင်းများ ပေါ်ထွက်လာစေရန်နှင့် မိမိမြို့နယ်သို့ ရောက်ရှိသည့်အခါ ပြောင်းလဲလိုက်သည့် အားကစာနည်းများအား ပြန်လည်သင်ကြားပြီး ရှမ်းပြည်နယ် အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များ အလိုက် ကိုယ်ကာယကြံ့ခိုင်မှု (အေရိုးဗစ်) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန် မျှော်လင့်မိပါကြောင်း၊ သင်တန်းသင်ကြားပေးမည့် နည်းပြဆရာများမှလည်း သင်တန်းကို စိတ်ရောကိုယ်ပါနှစ်ပြီး စေတနာ အပြည့်အဝဖြင့် ဆရာစားမချန် သင်ကြားပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြို့နယ်ကိုယ်စားပြု တက်ရောက် လာကြသည့် နည်းပြများအနေဖြင့် သင်တန်းတွင် ရရှိမည့် အသိပညာ အတတ်ပညာများကို အတွေ့အကြုံနှင့် ပေါင်းစပ်ပြီးပြန်လည် အသုံးချနိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ မိမိဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှရရှိသော နည်းစနစ်၊ နည်းဗျူဟာ၊ အသိပညာ၊ ဗဟုသုတများကို ပြန်လည်မျှဝေပေး၍ အမျိုးသမီး အားကစားသမားများ မွေးထုတ်ကြားပေးကြရန်ပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးရာ ပထမဆုရရှိသော မိုင်းရှူးမြို့နယ်၊ ဒုတိယဆုရရှိသော နမ့်စန်မြို့နယ်၊ တတိယဆုရရှိသော ပင်လောင်းမြို့နယ်တို့မှ သင်တန်းသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီနာယက ဒေါ်နှင်းဝေက ချီးမြှင့်ပေး၍လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့မှ သင်တန်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး၏ဇနီး ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ကော်မတီ နာယက၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီး၏ဇနီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ သင်တန်းနည်းပြဆရာ များဖြစ်သော ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီနာယကတို့မှ ချီးမြှင့်ပေး၍လည်းကောင်း သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီး ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ ဥက္ကဌမှ ချီးမြှင့်ပေးကြပြီး သင်တန်းသူများမှ Zumba ၊ Aerobics လေ့ကျင့်ခန်းဖြင့် သရုပ်ပြတင်ဆက်ကြကြောင်း သိရရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး