ညောင်ရွှေ စက်တင်ဘာ-၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် (၃)နှစ်မှ(၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို စက်တင်ဘာ(၂၉)ရက် နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းတို့ ဖြစ်ပါကြောင်း၊ လုပ်ငန်းကြီး(၇)ရပ်အနက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် အရေးကြီးပါကြောင်း၊ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို နည်းစနစ် မှန်ကန်စွာနှင့် ဆောင်ရွက်ကြရန်၊ ရင်သွေးငယ်များကို အမိဝမ်းတွင်းမှာ ကတည်းက အာဟာရပြည့်ဝအောင် ပုံမှန်ဖွံ့ဖြိုးလာအောင် ကိုယ်ဝန်ဆောင်စဥ် ကတည်းက ဂရုစိုက်ပြုစုကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးထောက်ပံ့မှုများ ပေးခြင်းနှင့် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနေသည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးဇော်မင်းက မူလတန်းကြိုကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ နာယက ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ပေးအပ်ရာ သင်တန်းသူများမှ အသီးသီးလက်ခံရယူ၍ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ သင်တန်းသူများမှ ရိုးရာအကများဖြင့် ဖျော်ဖြေကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး