တောင်ကြီး စက်တင်ဘာ-၂၈
၂၀၂၃ခုနှစ် ရှမ်းပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ(၂၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အတူ ရှမ်းပြည်နယ်၏ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ(၂၈)ရက်နှင့် (၂၉)ရက် နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် (အရှေ့၊ အမြောက်၊ တောင်) နယ်မြေ ဒေသ (၃)ခုမှ ပြိုင်ပွဲဝင် ဦးရေ(၃၆၇)ယောက် တက်ရောက်ယှဥ်ပြိုင် ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်မိပါကြောင်း၊ ပြိုင်ပွဲဝင် မောင်မယ်များ အထောက်အကူပြု ပံ့ပိုးပေးသည့် ပညာရှင်များ အားလုံးကိုလည်း ရှမ်းပြည်နယ် အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင် ပထမနှင့် ဒုတိယတန်းအဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာအဆင့်နှစ်ဆင့် စုစုပေါင်း(၅)ဆင့်ဖြင့် ဘာသာရပ်(၂၅)မျိုးကို ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရှမ်းပြည်နယ်သည် (၂၃)ကြိမ်မြောက် ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ ငွေ(၈)ခုနှင့် ကြေး(၅)ခု၊ နှစ်သိမ့်ဆု(၅)ဆုရှိခဲ့ပြီး ယခု(၂၄)ကြိမ်မြောက် တွင်လည်း ပြိုင်ပွဲဝင်မောင်မယ်များက ဆက်လက်ဂုဏ်ဆောင် နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း၊ အထူးသဖြင့် ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသော ရွက်ပုံးသီးအနုပညာရှင်များ မိမိတို့ရှမ်းပြည်နယ်မှ အများဆုံးပေါ် ထွက်နိုင်စေရန် မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆင့်မြင့်ပညာ အဆင့်အမျိုးသမီးအက ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့သော မဆုယွန်းရွှေရည်မှ ကပြဖျော်ဖြေခြင်း၊ အဆင့်မြင့်ပညာ အဆင့်ပြိုင်ပွဲဝင် မောင်ချစ်သူမောင်နှင့် မရွှန်းလဲ့လဲ့ရွှေရည်ဝင်းတို့မှ ကပြဖျော်ဖြေခြင်း၊ လင်းခေးခရိုင် ကိုယ်စားပြု ရှမ်းတိုင်းရင်းသား ရိုးရာ ယဥ်ကျေးမှုအကအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခြင်း၊ မူဆယ်ခရိုင် ကိုယ်စားပြု ခိုလုံလီရှောတိုင်းရင်းသားအက၊ ကလောခရိုင် ကိုယ်စားပြု အင်းသားတိုင်းရင်းသားအကနှင့် အရေးပြိုင်ပွဲ၊ အတီးပြိုင်ပွဲတွင် ထပ်အိမ်ဂူဘုန်းတော်ကြီး ပညာသင်ကျောင်းမှ ကျောင်းသူလေးများမှ ဆိုင်းဝိုင်းတီးဖြင့် ပြိုင်ပွဲဝင်ဖျော်ဖြေနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အဆို၊ အက၊ အရေး၊ အတီးအဖွဲ့ဝင်များ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး