တောင်ကြီး စက်တင်ဘာ-၂၆
ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန အပတ်စဥ်(၄၈) သူနာပြုသားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းသား၊သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကို စက်တင်ဘာ(၂၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံဝန်း၊ သူနာပြုသင်တန်းကျောင်း၌ကျင်းပသည်။
ဆက်လက်၍ သူနာပြု သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊သင်တန်းသူများမှ ဂရုဏအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဂျူတီကုတ်နှင့် ဦးဆောင်းနှင်းအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယနေ့ဂျူတီကုတ်နှင့် ဦးဆောင်းများပေးလိုက်ခြင်းသည် သားတို့သမီးတို့အတွက် သူနာပြုဆိုသည့် ဘဝထဲကို တစ်စိတ်တစ်ဒေသ ပထမခြေလှမ်းဖြစ်ပါကြောင်း ဂျူတီကုတ်နှင့် ဦးဆောင်းမပေး အပ်ခင် သားတို့သမီးတို့ တာဝန်သည် အခြေခံ သူနာပြုစုခြင်း အတတ်ပညာနှင့် ပတ်သက်သည့် သင်ခန်းစာများကို ကြိုးစားကြရုံသာ တာဝန်ရှိခဲ့ကြသော်လည်း ယခုဂျူတီကုတ်နှင့် ဦးဆောင်း ပေးအပ်ပြီး လိုက်သည့် အခါစာတွေ့ သာမက တကယ့်လူနာနှင့် လက်တွေ့ပြုစုကုသမှုများကို တာဝန်ကျရာ ဆေးရုံများတွင် လေ့လာကြရမည်ဖြစ်ပြီး လက်တွေ့နယ်ပယ်တွင် လူနာများအား ကျောသား၊ရင်သား မခွဲခြားပဲ လူမျိုး၊ဘာသာ၊ အဆင့်အတန်းမခွဲခြားပဲ သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်စုဝေမာမှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အကြောင်းစပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ရာ ပထမ၊ဒုတိယ၊တတိယဆုရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ဆုရရှိသော သင်တန်းသူများမှ လက်ခံရယူကြသည်။
၎င်းနောက် ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပေးရာ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းဝေ၊ ဒေါ်နန်းသန်းကြည်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးအပ်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သူနာပြုသင်တန်းကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်စုဝေမာမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြု သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြကြောင်း သိရသည်။
ယင်းနောက် တောင်ကြီးမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre) တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်း ကော်မတီ၏ Hotel-Training (Housekeeping)နှင့်Hotel-Training (Waiter&Waitress) သင်တန်း ဖွင့်လှစ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားရာ ရှမ်းပြည်နယ်အတွင်း ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ အားလုံး မဖြစ်မနေ ပူးပေါင်းပါဝင်မှသာ ရှမ်းပြည်နယ်၏ အနာဂတ် ပုံရိပ်ကောင်းမွန်မှာဖြစ်ပါကြောင်း၊ ယနေ့အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့် Hotel သင်တန်းနှစ်မျိုးကို ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပမှာ ရောက်ရှိနေသည့် အသက်(၁၆)နှစ်နှင့်(၁၈)နှစ်အောက်ရှိ ကလေးများကို မိမိဘဝရပ်တည်နိုင်ရန် မိသားစု ဝင်ငွေတိုးတက် စေရန်နှင့် အန္တရာယ်ရှိသည့်အလုပ်အကိုင်များတွင် ကလေးအလုပ်သမား ပပျောက်စေရန် ဆိုသည့် ရည်ရွယ်ချက်များနှင့် သက်မွေးပညာရပ်များ တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ နာယကဦးငွေထံ ထောက်ပံ့ငွေ များပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ အတွင်းရေးမှူး ဦးခင်မောင်ကျော်ထံ HouseKeeping သင်တန်းသား၊သင်တန်းသူများအတွက် စားစရိတ်ထောက်ပံ့ငွေများ ပေးအပ်၍ လည်းကောင်း၊ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ သင်တန်းမှူး ဦးဖြိုးကြွယ်ထံ Waiter&Waitress သင်တန်းသား၊သင်တန်းသူများ အတွက် စားစရိတ်ထောက်ပံ့ငွေများ ပေးအပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတဂေဟာများရှိ ကလေးပြုစု စောင့်ရှောက်သူများအတွက် အသက်(၆)လ မှ(၃)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ပို့ချနေမှုကို ကြည့်ရှုအားပေးစကားပြောကြား၍ သင်တန်းအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ ရောင်စုံပိုစတာ ကာတွန်း ဆေးရောင်ချယ် ပြိုင်ပွဲဝင်နေသည့်ကျောင်းသား၊ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဆုများနှင့်စားစရာပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး