ဟိုပုံး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်အသင်းမှ ကျင်းပသော တတိယအကြိမ်မြောက် နာဂပုရ သာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကို စက်တင်ဘာလ(၂၄)ရက် နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအားဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ တုံခမ်းဘုန်းတော်ကြီးကျောင်းဆရာတော် ဦးအာလောက က နာဂပုရ သာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲနှင့်ပတ်သက်သည်များကိုမိန့်ကြားသည်။ ထို့နောက် သာသနာလင်္ကာရကျောင်းဆရာ တော်နှင့် နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်တို့က နာဂပုရ သာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲကာလအတွင်း ဆောင်ရွက်ရမည့် အသေးစိတ် အစီအမံများ မိန့်ကြားသည်။ ယင်းနောက်တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား စာဖြေစဉ်ကာလ အတွင်းမလိုလားအပ်သော ကျန်းမာရေး ပြဿနာများမဖြစ်စေရေးအတွက် ဆွမ်း၊ ခဲဖွယ်များ ချက်ပြုတ်စီစဉ်ဆောင်ရွက်မည့် ဝေယျာဝစ္စ ဒါကာ၊ ဒါကာမများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် ဆွမ်း၊ ခဲဖွယ်များစီစဉ် ချက်ပြုတ်ဆောင်ရွက်ရန်၊လုံခြုံရေးဆောင်ရွက်ထားရှိမည့် အခြေအနေများ၊ ယာဉ်ကြောပိတ်ဆိုမှုမရှိစေရေးအတွက်စီစဉ်ဆောင်ရွက်မည့် အစီအမံများကို လျှောက်ထားသည်။ အဆိုပါသာမဏေကျော်စာမေးပွဲကို နိုဝင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ စာဖြေသံဃာများ စက်တင်ဘာလ(၂၄)ရက် နေ့အထိစာရင်းသွင်း ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၁၈၁၈)ပါးဝင်ရောက် ဖြေဆိုသွား မည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ရပ်နီး/ရပ်ဝေးမှ
ဒေသခံပြည်သူများလည်း အလှူငွေများ ဆက်ကပ် လှူဒါန်းနိုင် ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး