တောင်ကြီး စက်တင်ဘာ – ၂၂
၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ကို စက်တင်ဘာ(၂၂)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ဘော်လီဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေး၊ အားကစားသမားအချင်းချင်း ချစ်ခင်စည်းလုံးမှု ရရှိက လူငယ်မျိုးသစ် အားကစားသမားများ ပေါ်ထွက်နိုင်ရေး ၊ကျန်းမာပြီးကြံ့ခိုင်သောအမျိုးသား၊ အမျိုးသမီးများအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြင့်မားစေပြီး မျိုးဆက်သစ် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရေး ဆိုသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ် ပါကြောင်း၊ ယနေ့ကျင်းပသည့် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲမှ ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သော အားကစားသမားများကို ရွေးချယ်ပြီး ၂၀၂၃ခုနှစ် အောက်တိုဘာလ(၂၄)ရက် နေ့မှ နိုဝင်ဘာလ(၆)ရက်နေ့အထိ တောင်ကြီးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ရှမ်းပြည်အသင်း ကိုယ်စားပြု ဝင်ရောက် ယှဥ်ပြိုင်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲအားကစားအသင်းများအား လိုက်လံ နှုတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်၍လည်းကောင်း ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် တို့က ပြိုင်ပွဲဝင် အားကစား အမျိုးသား၊ အမျိုးသမီးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ် ခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများ၊ အားကစားသိပ္ပံကျောင်း(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်း သူများ၊ အားကစားဝါ သနာရှင်များတို့က ပထမပွဲစဥ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင် အသင်းတို့ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးကြရာ တောင်ကြီးခရိုင်မှအနိုင်ရရှိသွားကြောင်းသိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့်ခရိုင်များ အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၂)ရက်မှ (၂၇)ရက်ထိကျင်းပ၍ အမျိုးသား(၈)သင်း၊ အမျိုးသမီး(၁၀)သင်း ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး