ပင်လောင်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဒေသထွက်ကုန်လက်ဖက်ဖြင့် လက်ဖက်ခေါင်းလျော်ရည်၊ လက်ဖက် ရေချိုးဆပ်ပြာ၊ လက်ဖက် မျက်နှာသစ်ဆပ်ပြာခဲ၊ ရှူးရှဲလက်ဖက်နှပ်၊ လက်ဖက်နှပ်(အဆိမ့်)၊ လက်ဖက်နှပ်(ချဥ်စပ်)၊ လက်ဖက်ဝိုင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပင်လောင်းကြီးအနောက် ရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ သင်တန်းတွင် ပင်လောင်းကြီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ(၁၅)ဦး တက်ရောက်ပြီး၊ သင်တန်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေပြီး ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန် ဒေသထွက်ကုန်ဖြင့် ပြုလုပ်သည့် လူသုံးကုန်ပစ္စည်း နည်းပညာသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းတွင် ပို့ချပေးသည့် နည်းပညာဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် သင်တန်းမှလက်တွေ့ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကို သင်တန်းသား/ သင်တန်းသူများက တာဝန်ရှိသူများအား မေတ္တာ လက်ဆောင်အဖြင့် ပေးအပ်ခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာစီမံကိန်းကော်မတီများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး