
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
တောင်ကြီး နိုဝင်ဘာ – ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန် နေ့ဆွမ်းဆက်ကပ်ခြင်းကို နိုဝင်ဘာ(၁၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ မူလမင်းကွန်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မူလမင်းကွန်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသိရီ ဘိဝံသ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇထံ နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ရေစက်သွန်းချ အမျှဝေခြင်းကို သာသနာလင်္ကာရ ကမ္ဗောဇ သာသနာဗိမာန်၌ ကျင်းပရာ ဆရာတော်၊ သံဃာတော် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ စွန်းလွန်းဂူကျောင်းတိုက် ပဓနာနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များ ပွားများအပ်သော မေတ္တာသုတ်ပရိတ် တရားတော်မြတ်ကို နာယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး အမှူးပြုသော အကြီးအကဲများမှ ကထိန်လျာ သင်္ကန်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး လှူဒါန်းမှုအစုစုအတွက် မူလမင်းကွန်းပရိယတ္တိစာသင်တိုက် နိုင်ငံတော် သံဃာ့ဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသိရီဘိဝံသထံ ရေစက် သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တွင် ပဒေသာအပင်ရေ(၁၁၀)၊ သင်္ကန်း(၈၁၀)စုံ၊ ပစ္စည်းတန်ဖိုး(၃၂၄၅၉၈၅၀)၊ ငွေသားတန်ဖိုး(၃၂၆၇၄၄၅၀) စုစုပေါင်း ပဒေသာပင်တန်ဖိုး (၆၅၁၃၄၃၀၀)ဖြစ်ပြီး နေ့ဆွမ်းဆက်ကပ်ခဲ့သော မူလမင်းကွန်းပရိယတ္တိစာသင်တိုက်ကျောင်း အတွက် ပဒေသာအပင်ရေ(၁၃)ပင်၊ သင်္ကန်း(၉၉)စုံ၊ ပစ္စည်းတန်ဖိုး(၆၀၁၆၄၀၀)၊ ငွေသားတန်ဖိုး(၆၅၆၉၀၀)၊ စုစုပေါင်း ပဒေသာတန်ဖိုး(၁၂၅၈၅၄၀၀) လှူဒါန်းပေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့