
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့တောင်ကြီးမြို့၊ရေပေးဝေရေးလုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်းရှင်းများမှ ပဏမ လာရောက်ရှင်းလင်း

တောင်ကြီး နိုဝင်ဘာ-၁၉
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနကွပ်ကဲမှုအောက်ရှိ တောင်ကြီးမြို့၊ ရေပေးဝေရေးလုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်းရှင် များမှ (၁၀၀%) ရင်းနှီးမြုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ နိုဝင်ဘာ(၁၉)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပဏမ လာရောက် ရှင်းလင်းကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့သည် ရပ်ကွက် ပေါင်း(၂၂) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၁.၄၃)သိန်းကျော် နေထိုင်လျှက်ရှိပြီး လူနေထူထပ်၍ မြို့ပြ ဖွံ့ဖြိုးမှုအားကောင်းသော မြို့တစ်မြို့ဖြစ်ပြီး တောင်ကြီးမြို့၏ တစ်နေ့ရေလိုအပ်ချက် ပမာဏ ရေဂါလံပေါင်း(၂.၈)သန်းကျော်ရှိသော မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ တောင်ကြီးမြို့၏ လက်ရှိ ရေပေးဝေးရေးကို စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ရေထွက်ရေကန် (၇)ခုမှ ရေကို သဘာဝအရည်သွေးအတိုင်း ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ JIC ODA ချေးငွေဖြင့် ဆောင်ရွက်ခဲ့သော နားယောင်းရေပေးရေးလုပ်ငန်း တစ်ခုတည်းသာလျှင် အမြင့်တင်စနစ်ဖြင့် သန့်စင်ပြီးရေအား ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ဌာနအနေဖြင့် လက်ရှိအချိန်ထိ ရပ်ကွက် ပေါင်း(၂၀)တွင် အိမ်သွယ်ရေတိုင်ပေါင်း (၃၁၀၀)တိုင်ဖြင့် ပေးဝေလျက်ရှိရာ လွှမ်းခြုံမှု ရာခိုင်နှုန်းမှာ (၄၇%)ခန့်သာ ရှိပါကြောင်း၊ ကျောင်းကြီးစုရပ်ကွက်နှင့် ကံကြီးရပ်ကွက်တို့ကို ယနေ့ထိရေ ပေးဝေနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျန်ရေလိုအပ်ချက်များကို ပြည်သူ များမှ အဝီစိတွင်းတို့မှ ရယူသုံးစွဲနေရပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ တောင်ကြီးမြို့ကို ရောက်ရှိစဉ်တွင် တောင်ကြီးမြို့၏ အနာဂတ်၊ တိုးတက်လာမည့် လူဦးရေကို မျှော်မှန်းပြီး ရေထွက်ရေအရင်းအမြစ်အသစ်ရှာဖွေ စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ တောင်ကြီးမြို့၏ လက်ရှိ အခြေအနေတွင် သန့်ရှင်းသော သောက်သုံးရေ ရာနှုန်းပြည့် ဖြန့်ဝေနိုင်ရေးနှင့် အိမ်တိုင်ရာ ရောက် ခေတ်မီစနစ်ကျသောနည်းဖြင့် ဖြန့်ဝေနိုင်ရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ တောင်ကြီးမြို့ရေပေးဝေရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွင်းလာကြသော ကုမ္ပဏီအနေဖြင့် တောင်ကြီးမြို့နေ ပြည်သူလူထု ရေလိုအပ်ချက်အား ရာနှုန်းပြည့် ဖြည့်ဆည်းနိုင်မည့် အစီအမံများကို လျာထား တွက်ချက်တင်ပြစေလိုကြောင်းနှင့် ရေရှည်ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သည့်အတွက် သဘာဝရေအရင်းအမြစ်များ ထိန်းသိမ်းခြင်းကိုလည်းအထူးအလေးထား ထည့်သွင်းဆောင်ရွက်ကြရန် ပြောကြားသွားသည်။
ဆက်လက်၍ Eoiအဆိုပြုလွှာ စိစစ်ရွေးချယ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းမောင်မှ Eoiဆိုင်ရာများ ရှင်းလင်း ပြောကြားပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ Eoi ဆောင်ရွက်မည့် အခြေအနေများ ရှင်းလင်း၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းမှ တောင်ကြီးမြို့လက်ရှိရေ ပေးဝေမှု အခြေနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အဆိုပြုလွှာတင်သွင်းလာသော ကုမ္ပဏီများဖြစ်သည့် IGE ကုမ္ပဏီ နှင့် Great Hai par ကုမ္ပဏီ၊ ဓနရာဇာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနများက ဆွေးနွေးရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး