
ရှမ်းပြည်နယ်ရင်းနှီးးမြုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ

တောင်ကြီး နိုဝင်ဘာ – ၂၅
ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ၏ အစည်းအဝေးကို နိုဝင်ဘာ (၂၅)ရက် ၊ နံနက် (၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က ယခင်အစည်းအဝေး (၂)ကြိမ်တွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းခြင်း၊ အတည်ပြုမိန့် (၁)ခု ခွင့်ပြုပေးခြင်းနှင့် တည်ဆောက်ရေးကာလသက်တမ်းတိုးမြှင့်ပေးခြင်း (၂)ခုကို ဆောင်ရွက်ပေးနိုင် ခဲ့ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် တင်ပြလာသည့် အတည်ပြုမိန့် လျှောက်ထားလွှာ (၁)စောင်နှင့် ရင်းနှီးမြှုပ်နှံမှု ကာလ တိုးမြင့်ခွင့်လျှောက်ထားလွှာ (၁)စောင်တို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်း ဆွေးနွေးပြီး အတည်ပြုမိန့် ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီ အနေဖြင့် တာဝန်ယူခဲ့သည့် ကာလအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး၊ Investment Facilitation အတွက် စိုက်ပျိုးရေးကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှု လွယ်ကူ ချောမွေ့စေရေး စကားဝိုင်းဆွေးနွေးပွဲကို မိမိကိုယ်တိုင်တက်ရောက်ပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ အနေဖြင့်လည်း Covid ကန့်သတ်ချက်နဲ့အညီ ရင်းနှီးမြှုပ်နှံမှု အလွန် ဝန်ဆောင်မှု ပေးခြင်း (AftercareS ervice)ကို မြေပြင်ကွင်းဆင်းမှု (၁၆)ကြိမ်၊ Online ဝန်ဆောင်မှု (၁)ကြိမ်၊ ပေါင်း (၁၇)ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကော်မတီဝင်များ အနေဖြင့် နိုင်ငံတော်၏ ဦးတည်ချက် (၉)ရပ်ပါ စိုက်ပျိုးမွေးမြူရေး ကဏ္ဍမြှင့်တင်ရေး၊ စိုက်ပျိုးရေးထွက်ကုန် အဆင့်မြှင့်တင်နိုင်ရေး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုစီးဝင်လာစေရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် ပြောကြားသည်။
ဆက်လက်၍ Mega Richcrops Co.,Ltd က ပြောင်းအခြောက်ခံသိုလှောင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် အတည်ပြုမိန့်လျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးလေးနိုင်မှ ရှင်းလင်း တင်ပြပြီး Mega Richcrops Co.,Ltd က ပြောင်းအခြောက်ခံသိုလှောင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းဖြိုးလွင်ဦးမှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင် အားလုံးမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
အဆိုပါ Mega Richcrops Co.,Ltd က ပြောင်းအခြောက်ခံသိုလှောင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို အတည်ပြုမိန့် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး ၎င်းလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ မြန်မာကျပ်ငွေ (၁၃၀၆.၄၁၇)သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၉)ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၅)ခု ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁၁.၀၀)သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်း(၂၇၂၀၃.၅၃၂)ကို ခွင့်ပြုပေးထားခဲ့ပြီး အဆိုပါလုပ်ငန်းများမှာ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် ပြည်တွင်း(၉၆၀)ဦးနှင့် ပြည်ပ (၅၃)ဦးကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး