
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
တောင်ကြီး နိုဝင်ဘာ – ၂၅

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၅)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ် (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်တွင် Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့မှအပ ကျန်(၉) မြို့နယ်ကို Stay at Home သတ်မှတ်ခြင်းကို နိုင်ငံတော်မှ ပယ်ဖျက်ပေးခဲ့ကြောင်း၊ လေယာဥ်ဆင်းသက်ခွင့်တွင်လည်း တာချီလိတ်ကို ဆင်းသက်ခွင့် မရရှိသေးဘဲ ကျိုင်းတုံနှင့် လားရှိုးကို သယ်သူပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုမည် ဆိုပါက လေယာဥ်ဆင်းသက်ခွင့်ရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာပြီး (၂%) ရာခိုင်နှုန်းသာ ကျန်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်အတိုင်း (၃%)ရာခိုင်နှုန်းအောက် လျော့ကျမှုရှိပါကြောင်း၊ အခြေခံကျောင်းများလည်းဖွင့်ပြီး အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများအား Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်ပါက ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပြသစ် ခန့်ထားသူများ၊ အခြေခံပညာဆရာ၊ ဆရာမ အသစ်ခန့်သူများကို ကာကွယ်ဆေးထိုးနိုင်ရန် စာရင်းများ ကောက်ခံမှု ဆောင်ရွက်ခိုင်းထားပါကြောင်း၊ Stay at Home ပယ်ဖျက်ပေးသွားသော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာသည့် စားသောက်ဆိုင်များကို မည်ကဲ့သို့ ဆောင်ရွက်ရန်နှင့် လိုက်နာသူ များကို ရှေ့ဆက်စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလတွင် အားလုံးက (၂)နှစ်တာ စီးပွားရေး ယိမ်းယိုင်ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များ၊ SOP စည်းကမ်းသတ်မှတ်ချက် လိုက်နာဆောင်ရွက်မှု များနှင့် လုံခြုံရေး အသိတရားများရှိပါက ရှမ်းပြည်နယ်သည် တည်ငြိမ်အေးချမ်းမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် ထိတွေ့မှု နယ်စပ်အရမ်းများသော ဒေသဖြစ်၍ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းမှုသည် ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုရရှိပြီး အရှိန်အဟုန်မပျက်ဘဲ ယနေ့အစည်းအဝေးတွင် အားလုံးဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြ၍ ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက် ပြောကြားကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့