ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုလမ်းမမှ ရွာတော်-မြက်ဆက် တောင်-မြက်ဆက် မြောက်-ဘော်နင်း ရွာသစ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

Nov 30, 2021

ကလော နိုဝင်ဘာ – ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် နိုဝင်ဘာ(၂၆)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးခရိုင် ကလောမြို့နယ်ရှိ ပြည်ထောင်စုလမ်းမမှ ရွာတော်-မြက်ဆက် တောင်-မြက်ဆက် မြောက်-ဘော်နင်း ရွာသစ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုရာ ပြည်နယ်ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွန်းမှ လမ်းဖောက်လုပ် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လမ်းဖောက်လုပ်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ ပြည်ထောင်စုလမ်းမမှ ရွာတော်-မြက်ဆက် တောင်-မြက်ဆက် မြောက်-ဘော်နင်းရွာသစ်လမ်းသည် လမ်းအမျိုးအစား မှာ ကျောက်လမ်း (၄/၄)မိုင်ရှိပြီး ကျေးရွာ(၁၁)ရွာ၊ အိမ်ခြေ(၉၄၈)အိမ်၊ လူဦးရေ(၈၁၁၂)ဦး အကျိုးပြုနိုင်မည်ဖြစ်ပြီး ၎င်းလမ်းသည် မိတ္ထီလ -တောင်ကြီး ပြည်ထောင်စု(DOH)လမ်းမကြီးနှင့် ဟဲဟိုး-ဘော်နင်း(DOH)လမ်းအား ချိတ်ဆက် ထားသော လမ်းဖြစ်ကာ လက်ရှိလမ်းအကျယ် (၁၈)ပေခန့်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် နှီးဘုရား လမ်းခွဲမှ ရွှေမင်းဖုံးကျေးရွာအုပ်စု တောင်ပဲ့ကျေးရွာလမ်း ၈/ဝ မိုင်နှင့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၏ အဝင်လမ်း ၂/၅မိုင် လမ်းဖောက်လုပ်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့သည်။

၎င်းကလောမြို့နယ်၊ နှီးဘုရားလမ်းခွဲမှ ရွှေမင်းဖုံးကျေးရွာအုပ်စု၊ တောင်ပဲ့ကျေးရွာသွားလမ်းကို ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးပါက တာယောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ရွှေမင်းဖုံး ကျေးရွာ၊ တောင်ပဲ့ကျေးရွာ၊ လေးအိမ်ကုန်းကျေးရွာရှိ အိမ်ခြေ(၆၄၄)လုံးနှင့် လူဦးရေ(၃၆၄၈)ဦးကို အကျိုးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကလောမြို့နယ် ရွှေမင်းဖုံးရှိ ရွှေသတ္တုလုပ်ကွက်သို့ သွားရောက်ကြည့်ရှုခဲ့ရာ နိုင်ငံတော်အတွက် အကျိုးပြုထောင်စု အာရှကမ္ဘာမြေစက်မှုလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီလီမိတက်မှ ရှင်းလင်းဆောင် ခန်းမ၌ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းပိုင်ရှင် ဦးမြင့်ဦးမှ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ဒေသအတွက် လိုအပ်မည့် စာသင်ကျောင်းများ၊ ဆေးရုံအဆောက်အဦးများ၊ လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးကာ လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် ရွှေမင်းဖုန်း တောင်ပဲ့ ရွာဦးကျောင်း ဆရာတော် ဦးကလောဒအား ဖူးမျှော်ကန်တော့၍ လှူဖွယ်ပစ္စည်းနှင့် နဝကမငွေကျပ်(၅)သိန်း ဆက်ကပ် လှူဒါန်းပေးကြပြီး ဒေသခံပလောင်တိုင်းရင်းသား တိုင်းရင်းသူများအား တွေ့ဆုံ၍ ဒေသခံ ပလောင်တိုင်းရင်းသား များက ဒေသအတွက် လိုအပ်နေသော လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ကျန်းမာရေး ဆရာမများ၊ ကျောင်း ဆရာမများ ရရှိရေးတို့ကို တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မြို့နယ် အုပ်ချုပ်ရေးမှူး များအား ဖြည့်စွက်မှာကြားခဲ့ကာ ဒေသခံပလောင်တိုင်းရင်းသား တိုင်းရင်းသူများအား ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြ ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482