
၂၀၁၄ ခုနှစ် (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ထံမှ
၂၀၁၄ ခုနှစ် (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့
အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်နေ့
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား –
ယနေ့ ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့သည် ရှမ်းပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အချိန်အခါ ဖြစ်ပါသည်။ ဤကဲ့သို့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့ထူး နေ့မြတ်တွင် သွေးချင်းညီအစ်ကိုမောင်နှမအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ရှမ်းပြည်နယ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ပြည်နယ်နှင့်တိုင်း ဒေသကြီးများအနက် အကြီးမားဆုံးနှင့် အကျယ်ဝန်းဆုံး ပြည်နယ်တစ်ခု ဖြစ်ပါသည်။ ထို့အပြင် တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး သဘာဝ တောတောင် လျှိုမြောင်စိမ့်စမ်းတို့ဖြင့် အေးချမ်းသာယာသောကြောင့် တိုင်းရင်းသား မျိုးနွယ်စုပေါင်း(၃၀)ကျော်ရှိပြီး လူဦးရေ(၄၉)သိန်းကျော် ဖြင့် အတူတကွ ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်လျက်ရှိကြပါသည်။
မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ် မြန်မာမင်းများအုပ်စိုးစဉ် ကပင် ရှမ်းပြည်နယ်ရှိ စော်ဘွားများသည် ကျမိုင်းများအဖြစ် သားစဉ်မြေးဆက် ပဒေသရာဇ်မင်းငယ်များသဖွယ် အုပ်ချုပ်ခဲ့ကြပါ သည်။ သို့သော် ၁၈၈၆ ခုနှစ်၊ မေလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းပိုက်ခဲ့ပြီး ရှမ်းပြည်နယ်ကိုလည်း အိန္ဒိယပြည်နယ် အဖြစ် သိမ်းပိုက်လိုက်ကြောင်း ကြေညာခဲ့ပါသည်။
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား –
ဒုတိယကမ္ဘာစစ်ပြီးနောက် ရှမ်းပြည်နယ်အပါအဝင် တောင်တန်း ဒေသများကို ပြည်မကြီးနှင့်မပူးပေါင်းဘဲ သီးခြားအုပ်ချုပ်မှုအနေဖြင့် ဗြိတိသျှဘုရင်ခံလက်အောက်တွင် (Frontier Areas Regulation) စည်းမျဉ်းအရ သီးသန့်ထားရန်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးခေတ် သည် ထူးခြားသော အမျိုးသားရေး၊ လွတ်လပ်ရေးကို ဦးစားပေးသည့် ခေတ်ဖြစ်ပါသည်။ လူထုများ၊ လူငယ်ခေါင်းဆောင်များနှင့် စော်ဘွား များလည်း ညီညွတ်မှု စတင်ရရှိလာပြီး၊ လူထုအဖွဲ့အစည်းများ အနေဖြင့် ရဲဘော်တပ်ဖွဲ့ဝင်များ၊ ရပလ ခေါ် ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်းကာ မျိုးချစ်နိုင်ငံရေးကို တွင်တွင်ကျယ်ကျယ် စတင်စည်းရုံး လှုပ်ရှားနိုင်ခဲ့ပါသည်။ ဤလှုပ်ရှားမှုများသည် စော်ဘွားများကောင်စီ အထိရိုက်ခတ်လာပြီး ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၌ ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်း၍ လူထုကိုယ်စားလှယ်များပါဝင်သော ရှမ်းပြည်နယ် ကောင်စီကို လူထုကိုယ်စားလှယ် (၇)ဦး၊ စော်ဘွားများ ကိုယ်စားလှယ် (၇)ဦး၊ ပေါင်း (၁၄) ဦးဖြင့် အောင်မြင်စွာဖွဲ့စည်းခဲ့ ပါသည်။
ထိုသို့ စော်ဘွားများနှင့်လူထု စည်းလုံးညီညွတ်စွာ ပဒေသရာဇ် ကောင်စီကို ဖျက်သိမ်းနိုင်ခဲ့ခြင်း၊ ရှမ်းပြည်နယ်ကောင်စီကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ ပြည်မကိုယ်စားပြု အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊အခြားသောတောင်တန်းသား ကိုယ်စားလှယ်များတို့နှင့်အတူ ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ရန်အတွက် ပန္နက်ချနိုင်ခဲ့သော ပြည်ထောင်စုနေ့၏ သန္ဓေတည်ရာ နေ့ထူး နေ့မြတ်ဖြစ်သည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပသော ပင်လုံအစည်းအဝေး၌ စော်ဘွားများနှင့် လူထုကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ပြီး တညီ တညွတ်တည်း သတ်မှတ်ခဲ့ကြပါသည်။
ယနေ့အချိန်အခါသည် အတိတ်သမိုင်းက မိမိတို့တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအကြား အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့ရသည့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည် တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသား သွေးချင်းများအားလုံးက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်နေသည့် အချိန်အခါ ဖြစ်ပါသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ အရ ရှမ်းပြည်နယ်ဟု ပြဌာန်းခဲ့သည့်အတွက် အုပ်ချုပ်ရေးနယ်မြေ တစ်ပေါင်းတစ်စုတည်း ဖြစ်လာပါသည်။ တစ်ခုတည်းသော ရှမ်းပြည်နယ်အဖြစ် တောင်ကြီးမြို့တွင် ရုံးစိုက်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ပေါ်ပေါက်လာပြီဖြစ်ပါသည်။
နိုင်ငံတော်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်း လာသည်နှင့်အမျှ ပြည်ထောင်စုကြီး၏ နယ်မြေအသီးသီးတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများ၏ စားဝတ်နေမှုပြည့်စုံလုံခြုံရေးတို့အတွက် နိုင်ငံတော်အစိုးရမှဦးဆောင်ကာ စီမံချက်များချမှတ် အကောင် အထည်ဖော် ဆောင်ရွက်နေပါသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒ နှစ်ရပ်ဖြစ်သော တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးသော ပြည်နယ်ဖြစ်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ ကိုယ်စားလှယ်များ ဖြင့် ရှမ်းပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ပေါ်ပေါက် ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အတွင်း “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် တိုင်းရင်းသားလူမျိုးအများစု နေထိုင်သည့် ဒေသများအဖြစ် အုပ်ချုပ်မှုအာဏာများ ခွဲဝေပေးခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအပြင် ရှမ်းပြည်နယ်လွှတ်တော် ပေါ်ပေါက်လာပြီး ဥပဒေများ အတည်ပြုခြင်း၊ ဘဏ္ဍာရေးနှင့်ဆိုင်သော ရသုံးမှန်းခြေငွေစာရင်းများ အတည်ပြုခြင်း၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများချမှတ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ပေးလျက် ရှိပါသည်။
နိုင်ငံတော်အစိုးရသစ်ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ် တစ်ခုလုံး ဘက်စုံဖွံဖြိုးတိုးတက်လာစေရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ဘတ်ဂျတ်အသုံးစရိတ်မှ ကျပ်ဘီလီယံ (၅၁.၇၇)ကို ကဏ္ဍ အသီးသီးတွင် အသုံးပြုဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်တွင် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုအပိုင်း အနေဖြင့် ပြည်ထောင်စုဘတ်ဂျတ်မှ ကျပ်ဘီလီယံ (၂၁၉.၇၂)ကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျတ် အသုံးစရိတ်မှ ကျပ်ဘီလီယံ(၁၆၃.၇၁)ကိုလည်းကောင်း သုံးစွဲရန် လျာထားပြီးဖြစ်ပါ သည်။
ရှမ်းပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန် ချက်နှင့်အညီ ပြည်သူများ လျှပ်စစ်မီးတိုးတက်ရရှိရေး သောက်သုံးရေ ဖူလုံမှု ရာခိုင်နှုန်းတိုးတက်ရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်ထောင်စု ဘတ်ဂျတ် အသုံးစရိတ်များ၊ ပြည်နယ်ဘတ်ဂျတ် အသုံးစရိတ်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လာမည့်ကာလများတွင်လည်း ရှမ်းပြည်နယ်၏ ဒေသအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအပေါင်းတို့ ခင်ဗျား –
၂၀၁၄ခုနှစ် (၆၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သည့် ရှမ်းပြည်နယ်ကြီးအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း တိုင်းရင်းသား ညီအကိုမောင်နှစ်မအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အတူ လက်တွဲ နေထိုင်နိုင်ရေးလည်းကောင်း၊ စည်းကမ်းစနစ်တကျဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် လည်းကောင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသား ပြည်သူအားလုံးသည်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာကွယ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရာတွင် သွေးစည်းညီညွတ်စွာဖြင့် အင်တိုက်အားတိုက် အတူလက်တွဲပါဝင်ဆောင်ရွက်သွားကြရန် ချစ်ကြည် လေးစားစွာ တိုက်တွန်းအပ်ပါသည်။