၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

Dec 8, 2021

တောင်ကြီး ဒီဇင်ဘာ – ၈

၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲ ကို ဒီဇင်ဘာ (၈)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ယနေ့သင်တန်းဆင်း ဆရာ၊ ဆရာမ သစ်လွင် (၂၈၂)ဦးကို ရှမ်းပြည်နယ်အတွင်း အခြေခံပညာကဏ္ဍ၏ ပညာရေးလုပ်ငန်းများတွင် လက်ဆင့်ကမ်းတာဝန် ထမ်းဆောင်မည့် မျိုးဆက်သစ်များအဖြစ် မြင်တွေ့ရမည်ဖြစ်ပါ၍ အထူးမှာကြားလိုပါကြောင်း၊ နိုင်ငံ၏ ပညာရေး ရည်မှန်းချက်ဖြစ်သည့် ပညာအခြေပြု လူ့စွမ်းအား အရစ်အမြစ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဆရာအတတ်ပညာ အရည်အသွေး ပြည့်ဝသည့် ဆရာကောင်းများ ဖြစ်အောင်၊ ဆက်လက်ကြိုးစား ကြရန်နှင့် မိမိတပည့်များကို ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ရှေ့ဆောင်လမ်းပြသူများ ဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မိမိ၏ တပည့်များကို အတတ်ပညာသာမက လူမှုကျင့်ဝတ်၊ လိုက်နာဖွယ် ပြည်သူ့နီတိများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့်အတူ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်ခင်၍ စိတ်ဓာတ်ကောင်းများ လိုက်နာစွဲမြဲစေရန် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ်လှပရန် ဆရာ့ဘဝ အလေးထားတန်ဖိုးမြှင့်ပြီး ဆရာ့လုပ်ငန်းတာဝန်များကို ကျေပွန်အောင် စွမ်းဆောင် ကြရန်နှင့် နိုင်ငံအတွက် အားထားရသော ဝန်ထမ်းကောင်းဆရာ၊ ဆရာမများ ဖြစ်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဖြူဦး က သင်တန်းဆင်း အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီးတို့က မြို့နယ်အလိုက် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်၍ လက်ထောက်အလယ်တန်းပြအလုပ်ခန့်အပ်သည့် အမိန့်စာများကို ဆရာ၊ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ် ‌ဒေါက်တာကျော်ထွန်းက ပေးအပ်၍ ပြည်နယ်ပညာ ပြည်နယ်ညွှန်ကြားရေးမှူးက လက်ထောက်မူလတန်းပြ အလုပ်ခန့် အပ်သည့် အမိန့်စာများကို ဆရာ၊ ဆရာမများအား ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများက “မြန်မာမှု ကဗျာလွတ်” နှင့် “Physical Fitness Dance” များဖြင့် စွမ်းရည်ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့က ဆရာ၊ ဆရာမများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482