နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်နိုင်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Dec 10, 2021

တောင်ကြီး ဒီဇင်ဘာ – ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြား ချက်များအပေါ် အကောင်အထည်ဖော်ဆောင်နိုင်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း အင်းလေး ဇုန်သာယာလှပရေး၊ ကလောဒေသနှင့် ဟိုတယ်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခဲ့ရာ ယခုဆို လုပ်ငန်း ပြီးစီးမှုများ ရှိလာပြီးဖြစ်ကြောင်း၊ စည်ပင်သာယာရေးကဏ္ဍတွင်လည်း ရေရရှိရေး၊ သစ်ပင်များ အရိပ်ကျရောက်နေမှုမှ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ဆည်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်နေပါကြောင်း၊ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များတွင်လည်း တည်ငြိမ်အေးချမ်းမှသာ ဖွံ့ ဖြိုးတိုးတက်မှု ရရှိမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများကိုလည်း လုပ်ငန်းကဏ္ဍအလိုက် မှာကြားထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ အနေဖြင့် တက်ညီလက်ညီ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ရှမ်းပြည်နယ်(တောင်ပိုင်း) တည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ရှင်းလင်းပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှင်းလင်းဆွေးနွေးကာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှ ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482