မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး အစိုးရနှင့် ပုဂ္ဂလိက စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

Dec 14, 2021

တောင်ကြီး ဒီဇင်ဘာ – ၁၄

ရှမ်းပြည်နယ်၏ မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အစိုးရ – ပုဂ္ဂလိက စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ(၁၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ ကျင်းပသည်။

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် စကားဝိုင်း ဆွေးနွေးပွဲသည် ရှမ်းပြည်နယ်၏ မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အစိုးရ – ပုဂ္ဂလိက စကားဝိုင်းဆွေးနွေးပွဲ ဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍသည် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုတွင် ဦးစားပေးမြှင့်တင်လိုသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် သင့်တင့်မျှတသော ရာသီဥတုရှိပြီး မြေဧရိယာကျယ်ဝန်းသည့်အပြင် အသုံးမပြုရသေးသော မြေဧရိယာများစွာ ကျန်ရှိနေသေးပါကြောင်း၊ စိမ့်စမ်းမြစ်ချောင်းများစွာ ရှိသည့်အတွက် ရေအရင်းအမြစ် လုံလောက်မှု ရှိသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ကြရန် ယနေ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း ၊ စကားဝိုင်းတွင် လုပ်ငန်းရှင်များကလည်း လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးပေးလိုပါကြောင်းနှင့် အစိုးရအပိုင်းကလည်း လိုအပ်သည်များကို မည်ကဲ့သို့ ပေးရမည်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုပါကြောင်း၊ စကားဝိုင်းဆွေးနွေးမှုရလဒ်များကို ရှမ်းပြည်နယ်အစိုးရ နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးလေးနိုင်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေအား ရှင်းလင်းဆွေးနွေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဇင်မောင်မှ ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482