ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များအား တွေ့ဆုံ

Dec 15, 2021

လားရှိုး ဒီဇင်ဘာ – ၁၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လားရှိုးတက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များအား ဒီဇင်ဘာ(၁၅)ရက် နေ့လည် (၁၂)နာရီခွဲက လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမ၌ တွေဆုံရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းတက်ရောက်သည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်မှ လူသားစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ အသစ်ခန့်အပ်ပြီး သင်တန်း(၁)လ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ မိမိတို့ အစိုးရ တာဝန် စယူကတည်းက မဏ္ဍိုင်(၄)ရပ် ချမှတ်သည့် လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ဆက်သွယ်ရေးစနစ်နှင့် လူ့စွမ်းအား အရင်းအမြစ်တို့ဖြစ်ကြောင်း၊ သက်ဆိုင်ရာမေဂျာအလိုက် တက္ကသိုလ် ဆရာဆရာမများကို ပါမောက္ခချုပ် ပါမောက္ခထံ အပ်လိုက် ပါကြောင်းနှင့် ပါမောက္ခများကလည်း လက်တွဲခေါ်ပေးရန်၊ မိမိတို့အနေဖြင့် လားရှိုးတက္ကသိုလ်ကို မည်ကဲ့သို့ ဆောင်ရွက် ပေးရမည်နည်း၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းရှေ့တို့ကို ကွင်းဆင်းဆောင်ရွက် ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက္ကသိုလ်အရေးနှင့်ပတ်သက်၍ စာပေသင်ကြားရေးအပိုင်းတွင် လိုအပ်ချက်များရှိပါက ပါမောက္ခချုပ်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လားရှိုးမြို့တွင် တိုင်းရင်းသားများသောကြောင့် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လားရှိုးတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေ(၁၀)သိန်းကျပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးမှ လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။ အဆိုပါ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်များအား တွေ့ဆုံခြင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်၊ နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမသစ်လွင်(၅၁)ဦး တက်ရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482