မဲခေါင် – လန်ချန်း ဒေသအတွင်း အစိုးရပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကျင်းပ

Dec 20, 2021

လားရှိုး ဒီဇင်ဘာ – ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘေဟိုင်းမြို့တော်တွင် ဒီဇင်ဘာ(၁၇)ရက် မြန်မာစံတော်ချိန် နံနက်(၈)နာရီက မဲခေါင် – လန်ချန်း ဒေသတွင်း အစိုးရပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို Online နှင့် Offline ပေါင်းစပ်ကာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ပတိုင်းပြည် များနှင့် ချစ်ကြည်ရေးဆိုင်ရာ အဖွဲ့အစည်းနှင့် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့အား ယခုဖိုရမ်တွင် ပူးပေါင်း ပါဝင်ခွင့်ရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ၊ မဲခေါင် – လန်ချန်း ဒေသတစ်လျှောက် ကျွန်တော်တို့၏ လူမျိုးများ နိုင်ငံသားများ၏ဘဝများ၊ လူမှုစီးပွား အသက်မွေးဝမ်းကျောင်းပြုသူများကို ကိုဗစ် – ၁၉ ရောဂါကပ်ဆိုးက အတိုင်းအတာတစ်ခု အထိ ပျက်စီးစေခဲ့သည့်အတွက် အများပြည်သူလူထု ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအား မဲခေါင် – လန်ချန်းဒေသ ပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် ပိုမိုခိုင်မြဲစေရန် လိုအပ်ပါကြောင်း ၊ ကိုဗစ် – ၁၉ ကာကွယ်တိုက်ဖျက်ရေးတွင် အထောက်အကူတစ်ခု ဖြစ်သည့် အဆက်မပြတ် ကာကွယ်ဆေးများ ထောက်ပံ့ပေးမှုနှင့် အခြားဆေးဘက်ဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အကူအညီပေးကြသော အခြားမဲခေါင်ဒေသတွင်း နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ် နေသည့်အတွက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၀၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံနိုင်စေရန် အရေးကြီး ပါကြောင်း၊ လူမှုစီးပွား ပြန်လည်ကောင်းမွန်လာစေရေးအတွက် နိုင်ငံအားလုံးနှင့် ဒေသအတွင်းအစိုးရများက ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဆက်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာစေရန် ပူပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ အပါအဝင် အခြားအတားအဆီးများကို မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးမှ ပေးသော အင်အားများဖြင့် ကျော်လွှားအောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ငြိမ်းချမ်းသော ဖွံဖြိုးတိုးတက်သော မဲခေါင် – လန်ချန်း ဒေသ၏ အနာဂတ်အတွက် မြန်မာနိုင်ငံမှ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မဲခေါင် – လန်ချန်း ဒေသအတွင်း အစိုးရပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်မှ CPAFFC ဥက္ကဋ္ဌ H.E.Mr. Lin Songtian၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကွမ်ရှီး၊ စီချွမ်း၊ ကွီဇူး၊ ရန်နမ်၊ ရှန်ရှီ ဒေသအစိုးရမှ ခေါင်းဆောင်များ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ဒေသအစိုးရ အကြီးအကဲများ တက်ရောက်ကြသည် ။

အဆိုပါ အစည်းအဝေးမှာ ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန် ကပ်ရောဂါဆိုးကို ဆန့်ကျင်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မြဲရန်၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482