ရှမ်းပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Dec 28, 2021

တောင်ကြီး ဒီဇင်ဘာ – ၂၈

ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁)ကို ဒီဇင်ဘာ(၂၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ယနေ့အစည်းအဝေး ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို အပြည့်အဝရရှိ ခံစားနိုင်စေရန်နှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မရေးရာ တန်းတူညီမျှမှုရရှိ စေရေး၊ ကလေးသူငယ်များ အခွင့်အရေးရရှိစေရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးနိုင်ကြရန် ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြု နားလည်လက်ခံနိုင်စေမည့် စနစ်များ၊ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိနားလည် ဆောင်ရွက်နိုင်စေရန်လည်း ရည်ရွယ် ပါကြောင်း၊ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် ကလေးသူငယ်တိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ ပြည်နယ်အမျိုးသမီး ကော်မတီနှင့် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ရှေ့ဆက် လုပ်ငန်းစဥ်များကို ပရိုဂျက်တာဖြင့် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေး တင်ပြ ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482