
ဝန်ထမ်းများအားစားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၃၀)ရက်၊ မွန်းလွဲ(၂)နာရီခွဲက ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ယခုလို တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းနှင့် တွဲဖက်ဝန်ထမ်းများအား ထောက်ပံ့ပေးရာတွင်၂၀၂၂ ခုနှစ်၊ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် တွဲဖက်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား မိမိတို့ အစိုးရအဖွဲ့မှ တတ်နိုင်သလောက် ထောက်ပံ့ပေးသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ယခု (၈)ကြိမ်မြောက် ထောက်ပံ့ပေးမှုတွင် ဝန်ထမ်း(၃၇၂)ဦးကို ငွေသားကျပ် (၅)သောင်းနှင့် ကြက်သွန်နီ၊ ကြက်ဥ၊ ခရမ်းချဥ်သီး၊ ခေါက်ဆွဲ၊ ဆီ၊ သကြားတို့ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း၊ မိမိတို့နှင့် လက်တွဲတာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း အရေးပေါ်ပြဌာန်းချက် နှင့်အညီ နိုင်ငံတော်မှ ပေးအပ်သည့်တာဝန်များကို အစိုးရအဖွဲ့နှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပေးအပ်သည့်တာဝန်ကို မခိုကပ်ဘဲ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တတ်နိုင်သလောက် ထောက်ပံ့ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း/ အရာထမ်းများ၊ တွဲဖက်ဝန်ထမ်းများကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများမှ အသီးသီးထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့