ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ချယ်ရီပန်းပွဲတော် တက်ရောက်ဖွင့်လှစ်ပေး

Jan 7, 2022

ကျိုင်းတုံ ဇန်နဝါရီ – ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်း၌ ဇန်နဝါရီ(၆)ရက် နံနက်(၉)နာရီက ချယ်ရီပန်းပွဲတော် ဖွင့်ပွဲကျင်းပကြောင်း သိရသည်။

ချယ်ရီပန်းပွဲတော် ဖွင့်ပွဲမုခ်ဦးအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးပြည်နယ် တစ်ခုဖြစ်သလို မတူကွဲပြားသည့် လူမျိုးစု(၃၃)မျိုး ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်ကြသည့် ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် မြေပြန့် လွင်ပြင်နည်းပါးပြီး တောင်တန်းပေါများသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့် အညီ ရေတံခွန်များ၊ ထုံးကျောက်လှိုဏ်ဂူများ၊ သာယာလှပသည့် တောတောင်ရှုခင်းများ၊ ကမ္ဘာကျော် အင်းလေးကန် စသည့် ခရီးစဥ်ဒေသများစွာကို ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ အမှတ်အသား တစ်ခုဖြစ်သည့် ချယ်ရီပန်းသည် ရှမ်းပြည်နယ်၏ ခရီးစဥ် ဆွဲဆောင်မှုတစ်ခုအဖြစ် ပြောလို့ရပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသွား အသီး အပွင့်များကို မြို့ပေါ်နေ ပြည်သူများအတွက်သာမက ကျေးလက်နေပြည်သူများပါ ခံစားနိုင်စေရန် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း အလားအလာရှိသည့် ကျေးရွာ(၁၀)ရွာကို ခရီးသွား ကျေးရွာအဖြစ် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးစု၏ ကျေးရွာများထဲတွင် ပြည်တွင်းပြည်ပ ခရီးသွားများ သွားရောက်လည်ပတ်နိုင်ရေးအတွက် အလားအလာရှိသည့် ကျေးရွာများကို ခရီးသွားကျေးရွာအဖြစ် ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး နောင်ဖာရေကန်၊ ကွန်အော်ရေတံခွန်၊ ဘန့်ဘွေးကျင်းရေတံခွန် နေရာများ ကိုလည်း ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်လာမည့် လွိုင်မွေတောင်စခန်းတွင် ချယ်ရီပန်းပွဲတော်ကိုလည်း နှစ်စဥ်ကျင်းပဆောင်ရွက်နိုင်ပြီး ခရီးစဥ်ဒေသတစ်ခုအနေဖြင့် ဖြစ်ပေါ်လာစေရန် ဆုမွန် ကောင်း တောင်းပေးပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးမှ အမှာစကားပြောကြားပြီး တိုင်းရင်းသားယဥ်ကျေးမှု အကအဖွဲ့များဖြစ်သည့် ရှမ်းတိုင်းရင်းသားယဥ်ကျေးမှုအက၊ လားဟူတိုင်းရင်းသားယဥ်ကျေးမှုအက၊ “ဝ” တိုင်းရင်းသားယဥ်ကျေးမှုအက၊ အာခါတိုင်းရင်းသားယဥ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း တိုင်းမှူးတို့မှ တိုင်းရင်းသားယဥ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ချယ်ရီပန်းပွဲတော်ကျင်းပ ပေးခြင်းနှင့် ပတ်သက်၍ ဒေသခံ အာခါတိုင်းရင်းသား မျိုးချစ်ခေါင်းဆောင် ဦးမင်းညိုမှ ကျေးဇူးတင်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း၊ တိုင်းမှူးတို့က ချယ်ရီပန်းပွဲတော် အမှတ်တရတံဆိပ် ရိုက်နှိပ်ထားသော T-Shirt အထည်များကို ပွဲတော်သို့ ရောက်ရှိလာသည့် ပရိတ်သတ်များအား ပေးအပ်၍ တိုင်းရင်းသားရိုးရာ အမှတ်တရလက်ဆောင်ပစ္စည်းနှင့် စားစရာများ ရောင်းချနေသည့် ဆိုင်တန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် (၄၄)မိုင် လွယ်ဆမ်ဆုံ တောင်ထိပ်ရှိ လမ်းဦးစီးဌာန ရှင်းလင်းဆောင်သို့ သွားရောက်ကာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ မိုင်းဆတ် – တာချီလိတ်လမ်း ဆောင်ရွက်နေမှုကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482