ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့ မြန်မာ – ထိုင်းနယ်စပ် Bp-1 နယ်စပ်ဂိတ် သွားရောက်ကြည့်ရှုစစ်ဆေး

Jan 11, 2022

ပုံပါကျင် ဇန်နဝါရီ – ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီ (၇)ရက် နံနက်(၁၁)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ Bp-1 မြန်မာ – ထိုင်း နယ်စပ်ဂိတ်ကို သွားရောက် ကြည့်ရှု စစ်ဆေးရာ မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးမှ မြန်မာနိုင်ငံ တောင်ကြီးမြို့မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိသော ကားလမ်းများ၏ ခရီးအကွာအဝေး တည်နေရာပြ Google မြေပုံများဖြင့် ရှင်းလင်းပြီး မိုင်းတုံ -ပုံပါကျင် ပီဘီဝမ်းလမ်းနှင့် ပတ်သက်၍ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ Bp-1 နယ်စပ်ဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ဟွေအောရာဘာစက်ရုံသို့ သွားရောက်ကာ ရာဘာထုတ်လုပ်နေမှုအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှ လိုက်လံရှင်းလင်းကြောင်းနှင့် အဆိုပါ ဟွေအောရာဘာစက်ရုံမှ တစ်နေ့လျှင် ရာဘာတန်ချိန် (၁၅)တန်ထွက်ရှိကြောင်း၊ စက်ရုံ လည်ပတ်မှုကို ကျောက်မီးသွေး(၆၀၀)ကီလိုဝပ်စက်များဖြင့် လည်ပတ်ကာ အလုပ်သမား(၆၀)ဖြင့် ဆောင်ရွက်၍ ထွက်ရှိ လာသော ရာဘာများကို တာချီလိတ်မြို့သို့ တင်ပို့ကာ (၁)ကီလိုလျှင် ထိုင်းငွေဘတ်(၃၄)ဘတ်ဖြင့် ရောင်းချပြီး စက်ရုံ(၄)ရုံ ဖြစ်သည့် ဟွေအောစက်ရုံ၊ မိုင်းဆတ်မြို့နယ် မိုင်းယွန်းတွင် စက်ရုံ (၂)ရုံ၊ ဝမ်ဟုန်တွင် (၁)ရုံ၊ စက်ရုံ(၄)ရုံဖြင့် လည်ပတ်လျက်ရှိပြီး စက်ရုံများကို ၂၀၁၆ ခုနှစ်က စတင်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နမ့်ဟူးခွန် ကျေးရွာအုပ်စု၊ ဟောင်လိတ်ကျေးရွာ တောင်သူ ဦးအားဝူ စိုက်ပျိုးထားသော ကြက်သွန်ဖြူ ရေဖျန်းစနစ် စိုက်ခင်း(၉.၆၅)ဧကအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လားဟူ တိုင်းရင်းသားအဖွဲ့မှ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ လားဟူတိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာယဥ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် တြိဂံဒေသတိုင်း၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် “ဝ” ဒေသ အထူးအဖွဲ့နှင့်တွေ့ဆုံရာ “ဝ”ဒေသအထူးအဖွဲ့တာဝန်ရှိသူတစ်ဦးမှ ဒေသလိုအပ်ချက်များ တင်ပြရှင်းလင်းရာ ပြည်နယ်ဝန်ကြီးက ဖြည့်စွက်ပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ မိုင်းတုံမြို့နယ် နားကောင်းမူး အခြေခံပညာအထက်တန်း ကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် mask လက်ဆေးရည်ဘူးတို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က အသီးသီးထောက်ပံ့ပေးအပ်ရာ မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မိုင်းတုံပြည်သူ့ဆေးရုံမှ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသက်ခိုင်မင်းတို့မှ လက်ခံရယူပြီး ဒေါက်တာ သက်ခိုင်မင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မိုင်းတုံမြို့၊ မွေတော်ကျောင်း ပြည်နယ်သံဃဝန်ဆောင်မြို့မမွေတော်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ စာရိန္နမဟာသဒ္ဒမ္မ ဇောတိကဓဇမဟာထေရ်မြတ် သက်တော်(၁၀၀)နှစ် သိက္ခာတော်(၈၀)၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမျှော်ကာ ကျောင်းရှိ ဆရာတော် သံဃာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482