
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုင်းဆတ်ခရိုင် ဥပဒေရုံးသစ် တက်ရောက်ဖွင့်လှစ်ပေး
မိုင်းဆတ် ဇန်နဝါရီ – ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်တွင် ဥပဒေရုံးသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၈)ရက် နံနက်(၈)နာရီခွဲက မိုင်းဆတ်မြို့ တွင် ကျင်းပသည်။ ဥပဒေရုံးသစ် ဆောက်အဦကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရုံးသစ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပတ်ဖြန်းပေးကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိုင်းဆတ်ခရိုင် ဥပဒေရုံးနှင့် မိုင်းဆတ်မြို့နယ် ဥပဒေရုံးတို့သည် အဆောက်အဦတစ်ခုတည်း၌ (၂)ရုံးပေါင်း ဖွင့်လှစ်ထားရပါကြောင်း၊ ယခုဆိုဖြင့် ခရိုင်ဥပဒေရုံးနှင့် မြို့နယ်ဥပဒေရုံးတို့သည် သီးခြားအဆောက်အဦ ကိုယ်စီရှိပြီးဖြစ်၍ နေရာထိုင်ခင်း လုံလောက်စွာဖြင့် ရုံးလုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မိုင်းဆတ်မြို့တွင် ယခုလိုခမ်းနားထည်ဝါသည့် အဆောက်အဦသစ် တည်ဆောက်နိုင်ခြင်းသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်ပြီး ရုံးအဆောက်အဦးကို တိုးတက်ကောင်းမွန်အောင် နိုင်ငံတော်အစိုးရက ပံ့ပိုးဆောင်ရွက်ပေးနေ သလို ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ယခုထက်ပို၍ မိမိဌာန၏လုပ်ငန်းများ အောင်မြင်တိုးတက်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အမှာစကားပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးဇော်ဇော်ထွေးမှ အဆောက်အဦသစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ မိုင်းဆတ်ခရိုင်ဥပဒေရုံး အဆောက်အဦးသစ်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ကြပြီး မိုင်းဆတ်ခရိုင်ဥပဒေရုံးသစ် ဖွင့်လှစ်ပွဲအထိမ်းအမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများအား နေရာအရောက် ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မိုင်းဆတ်မြို့ ပရိယတ္တိစာသင်တိုက် မိုင်းဖုန်းဆရာတော် ဓမ္မာရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းတွင် ဖွင့်လှစ်ထားသော အောက်စီဂျင်စက်ရုံအား သွားရောက်ကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တာဝန်ရှိသူများမှ အသီးသီး လက်ခံရယူကြသည်။ အဆိုပါ အောက်စီဂျင်စက်ရုံမှ တစ်နေ့လျှင် (၄၀)လီတာ အိုးအလုံး(၄၀) ထွက်ရှိကြောင်း သိရ သည်။
ထို့နောက် မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် “ပန်းခင်း” စီမံချက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် “ပန်းခင်း” စီမံချက်နှင့် ဆောင်ရွက်ပေးရန် (၅၄၀၆၃)ဦးရှိသည့်အနက် စီမံချက်စတင်သည့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ ယနေ့ထိ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် အိမ်ထောင်စု(၆၉၆၃)စု၊ လူဦးရေ (၃၀၄၃၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂၉၆၄)ဦးကို ဆောင်ရွက်ပေးနိုင်သည့်အတွက်ကြောင့် လုပ်ငန်းပမာဏ(၆၀.၉၇%) ပြီးစီးပြီဖြစ်ကြောင်းနှင့် မိုင်းဆတ်ခရိုင်တွင် ပန်းခင်းစီမံချက်နှင့် ဆောင်ရွက်ပေးရန် (၈၁၄၆)ဦးရှိသည့်အနက် စီမံချက် စတင်သည့် ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ ယနေ့ထိ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် အိမ်ထောင်စု (၅၄၁၃)စု၊ လူဦးရေ (၂၃၉၉၂)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၆၅၄၂)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် လုပ်ငန်းပမာဏ (၂၀၃.၀၇%)ပြီးစီးခြင်းကြောင့် မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့တွင် ပန်းခင်းစီမံချက် လျာထားချက်အား ရာခိုင်နှုန်းပြည့် ပြီးစီးအောင်မြင်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ထားရှိမှုကို သိရပါကြောင်း၊ မိုင်းဆတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် (၃၆၆၆)ဦးရှိသည့်အနက် ယနေ့ထိ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် အိမ်ထောင်စု (၃၂၆၀)စု၊ လူဦးရေ (၁၄၇၁၈)ဦး၊နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၅၃၀)ဦးကို ဆောင်ရွက်ပေးနိုင်သည့်အတွက် လုပ်ငန်းပမာဏ(၂၃၂.၆၈%)ပြီးစီးပြီး ယနေ့အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို မိုင်းဆတ်မြို့နယ်အတွက် အိမ်စု(၁၉)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈၃)ဦး၊ မိုင်းတုံမြို့နယ်အတွက် အိမ်ထောင်စု (၃၅)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၀)ဦး၊ မိုင်းဆတ်ခရိုင်အတွင်း အိမ်ထောင်စု (၅၄)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၂၃)ဦးအတွက် ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ မိုင်းဆတ်မြို့နယ် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော ဝိန်းနေရပ်ကွက် ပြည်သူ့(၂)ဦးနှင့် မိုင်းဆတ်ခရိုင်ဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ ဝမ်ကောင်းကျေးရွာအုပ်စုအား နိုင်ငံသား စိစစ်ရေးကတ်ပြား များကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ပေးအပ်၍လည်းကောင်း၊ ဝမ်ကောင်းကျေးရွာ၊ မဟုန်ကန်ကျေးရွာအုပ်စု၊ ဝိန်းနေရပ်ကွက် ကုန်းကုလားကျေးရွာတို့အား ပြည်နယ်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံတိုင်းရင်းသားများ(ကိုယ်စား) မိုင်းဆတ် မြို့နယ် မယ်ဆွမ်မြောက်ရပ်ကွက်နေ နန်းဝိုဟွမ်အွမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၂ ခုနှစ် လားဟူ တိုင်းရင်းသားနှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ကာ လားဟူရိုးရာ အကြီးအကဲတစ်ဦးဖြစ်သော တိုဘိုကြီးဦးကျဝိုခါးမှ နှစ်သစ် မင်္ဂလာအဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြား၍ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက နှစ်သစ်ကူးဂုဏ်ပြုအမှာစကားပြောကြား၍ တိုဘိုကြီးတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂါရဝလက်ဆောင်ကို နေရာအရောက်ပေးအပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်(၁၀)သိန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ အလှူငွေကျပ်(၁၀)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က အသီးသီး ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်ကျေးရွာသို့ ရောက်ရှိ၍ လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးတက်ရောက် အားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တာချီလိတ်(ရှမ်းအရှေ့) ရေပေးဝေရေး ကုမ္ပဏီ လီမိတက်မှ တာချီလိတ်မြို့ ရေပေးဝေဖြန့်ဖြူးရေး စီမံကိန်းလုပ်ငန်းအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့