
အင်းလေးကန်ရေရှည်တည်တံ့ရေးနှင့် နိုင်ငံခြားသားခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
တောင်ကြီး ဇန်နဝါရီ – ၁၁

အင်းလေးကန်ရေရှည်တည်တံ့စေရေး၊ အင်းလေးဒေသတွင် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ စည်ပင်သာယာရေး လုပ်ငန်းများဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၁၀)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ အရေးပါသော အမွေအနှစ်တစ်ခု ရေရှည်တည်တံ့ စေရေး ဆောင်ရွက်ရာတွင် ဌာနအလိုက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်မိမိ လက်တွဲဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်လာစေရန် စည်းရုံး ဆောင်ရွက်ခြင်းများ ပိုမိုအားထည့်ရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဥ်တွင်လည်း အင်းလေးကန် တည်တံ့စေရေးအတွက် လမ်းညွှန်မှာကြားချက်များကို ထည့်သွင်းပြောကြားလိုတာက အင်းလေးကန်၏ သယံဇာတများ တိမ်ကောမှုမရှိစေရေးအတွက် ရေဝေရေလဲဒေသများအား ထိန်းသိမ်းဆောင်ရွက်ရန်၊ အင်းလေးကန်အတွင်း ရေဝင်ရောက်လျက်ရှိသည့် အဓိကရေဝင်ပေါက်ချောင်းကြီး၊ ချောင်းငယ်များမတိမ်ကောစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ဒေသခံများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများက တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး က အင်းလေးကန်နှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးစီးဌာန၊ ပြည်နယ် သစ်တောဦးစီးဌာန၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားဦးစီးဌာနနှင့် ပြည်နယ်သမဝါယမဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများက အင်းလေးကန်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီးရှင်းလင်းကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့