(၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Feb 4, 2022

တောင်ကြီး ဖေဖော်ဝါရီ – ၄

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၄)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုနှစ်တွင် ထူးထူးခြားခြားဖြစ်သည့် ပြည်ထောင်စုနေ့လည်း (၇၅)နှစ်မြောက်စိန်ရတုနေ့၊ ရှမ်းပြည်နယ်နေ့လည်း(၇၅)နှစ်မြောက်စိန်ရတု နေ့တိုက်ဆိုင်မှုရှိသည့်အတွက် ဖေဖော်ဝါရီ (၇)ရက်နေ့တွင် ရှမ်းပြည်နယ် နေ့ကျင်းပပြီး(၁၂)ရက်နေ့တွင် ပြည်ထောင်စုနေ့ကျင်းပမည့်ဖြစ်ကြောင်း၊ ကျင်းပပွဲ များကိုလည်း လုပ်ငန်းကော်မတီများဖွဲ့စည်းထားပေးပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် အခြားသော တိုင်း/ဒေသကြီး များထက် ထူးခြားသောကြောင့် လုံခြုံရေးများ၊ အခမ်းအနားပြင်ဆင်မှုများ လိုအပ်မှုရှိစေရန် ဂရုစိုက်ရမည့်ဖြစ်ကြောင်း၊ ကော်မတီများ အားလုံးက ပေါင်းစပ်ကာ လိုအပ်ချက်များရှိပါက ညှိနှိုင်းဆွေးနွေးပေးကြပြီး ယနေ့အစည်းအဝေးတွင် အားလုံးဝိုင်းဝန်းက အောင်အောင်မြင်မြင်ဖြင့် စိန်ရတုအခမ်းအနားကို ရှမ်းပြည်နယ်တွင် သမိုင်းမှတ်တမ်းဝင် နေ့တစ်နေ့ အဖြစ် ကျန်ရစ်ခဲ့ရန် ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းကော်မတီများဖြစ် သည့် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေးလုပ်ငန်း ကောမတီ၊ သတင်းမှတ်တမ်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ ညစာစားပွဲနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီများမှ လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကာ လိုအပ်ချက်များအပေါ် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသည့် ကော်မတီများမှဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482