(၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ တောင်ကြီးမြို့၌ ကျင်းပ

Feb 7, 2022

တောင်ကြီး ဖေဖော်ဝါရီ – ၇

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ကို ဖေဖော်ဝါရီ(၇)ရက် နံနက်(၇)နာရီက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်မှ ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်နေ့ မိန့်ခွန်းမြွက်ကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ချီးမြှင့်ရာ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့်(၃)ဆုနှင့် တတိယအဆင့်(၆)ဆု၊ လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးဆိုင်ရာထူးချွန်ဆု ပထမအဆင့်(၄၄)ဆုနှင့် ဒုတိယအဆင့်(၁)ဆု၊ တတိယအဆင့်(၂၁)ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု တတိယ အဆင့်(၂)ဆု၊ မွေးမြူရေးဆိုင်ရာထူးချွန်ဆု တတိယအဆင့်(၁)ဆု၊ ကျန်းမာရေးဆိုင်ရာထူးချွန်ဆု တတိယအဆင့်(၃)ဆု၊ လူမှုရေး ဆိုင်ရာ ထူးချွန်ဆု(ပထမအဆင့်) (၁)ဆုနှင့် တတိယအဆင့်(၂၇)ဆု၊ သုတေသနဆိုင်ရာ ထူးချွန်ဆု တတိယအဆင့်(၁)ဆု ရရှိသူ များအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင် နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အရှေ့ပိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး တို့က အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ (၁၅၀)စုံ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းမှ လက်ခံရယူသည်။

ယင်းနောက် ကလောမြို့နယ်၊ ဟဲဟိုးအင်းခေါင်းတွင်(၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက် စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြား၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကားပြောကြားပြီး တောင်သူအဖွဲ့အစည်းများအား ထောက်ပံ့မြေသြဇာ အိတ်များကို ကလောမြို့နယ် အာလူးအစုအဖွဲ့နှင့် ပင်လောင်းမြို့နယ် ထောပတ်အစုအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ ညောင်ရွှေမြို့နယ်နှင့် ရွာငံမြို့နယ်မှ ခရမ်းချဥ်သီး အစုအဖွဲ့များအား နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပေးအပ်၍လည်းကောင်း၊ ပင်းတယမြို့နယ်နှင့် ရပ်စောက် မြို့နယ်မှ ဟင်းသီးဟင်းရွက် အစုအဖွဲ့ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပေးအပ်၍လည်းကောင်း၊ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် ထောပတ်အစုအဖွဲ့များကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက အသီးသီးပေးအပ်ကြရာ တောင်သူအဖွဲ့အစည်းများမှ လက်ခံရယူ ကြသည်။

၎င်းနောက် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သစ်သီးလက်ဆောင် ပေးအပ် ကာ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော ပြခန်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဂုဏ်ပြုဆု ရရှိသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482