
ရှမ်းပြည်နယ်၏ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
တောင်ကြီး မတ် – ၁၅

၂၀၂၂ – ၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်၏ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်(၁၅)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး စပါး၊ အစေ့ ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများအပြင် စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက် အများဆုံးစိုက်ပျိုးသည့် ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ စားသုံးဆီသည် ဒုတိယအရေးကြီးသော အခြေခံစားသောက်ကုန် ဖြစ်သည်နှင့်အညီ ဆီဖူလုံရေးသည် အရေးပါလျက်ရှိပြီး ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံသည်ဆီဖူလုံရေးအတွက် ဆောင်ရွက် သင့်သည့် သီးနှံတစ်မျိုးဖြစ်ပြီး ၂၀၂၁ – ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အတွင်း နေကြာသီးနှံစိုက်ဧက (၂၇၆၀၇)စိုက်ပျိုးလျက်ရှိပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ပြည်ပမှစားအုန်းဆီများ တင်သွင်းမှုကို လျော့ချနိုင်ရေးအတွက် နေကြာသီးနှံကို တိုးချဲ့ စိုက်ပျိုးရန် လိုအပ်လျက်ရှိပါကြောင်း၊ ၂၀၂၂ – ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ပြည်နယ်တစ်ဝှမ်းလုံး မိုးဆောင်း စိုက်ဧက စုစုပေါင်း(၃၀၉၃၂)ဧကထိ တိုးချဲ့စိုက်ပျိုးသွားနိုင်ရေး၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို မိုးဆောင်းစိုက်ဧက စုစုပေါင်း (၈၀၀)ဧက မျိုးစေ့ထုတ်စိုက်ပျိုးသွားနိုင်ရေးနှင့် တောင်သူပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေးတို့ကို ယနေ့အအစည်းအဝေးတွင် ဆွေးနွေးပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းမှ ရှမ်းပြည်နယ်အတွင်း နေကြာတိုးချဲ့ စိုက်ပျိုးနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့