
ကလပ်ပေါင်းစုံ အမှတ်ပေး အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
တောင်ကြီး မတ် – ၁၇

SHAN STATE VOLLEYBALL LEAGUE(2022) ကလပ်ပေါင်းစုံအမှတ်ပေး အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို မတ်(၁၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောအမှတ်ပေးပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်မှ မတ်လ (၁၄)ရက်နေ့ထိ အဆင့်လိုက်ရပ်တည်မှုဇယားအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီး များက ကြည့်ရှုရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ရှင်းလင်းပြီး ပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် အားကာအသင်းနှင့် ခုနှစ်စင်ကြယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ တို့က ကြည့်ရှုအားပေးပြီး ခုနှစ်စင်ကြယ်အသင်းမှ (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တတိတယဆုရရှိသော အင်းမြောက်ပိုင်းအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းတို့ကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသော အားကာအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၀)သိန်းတို့ကို ပြည်နယ်ဥပဒေချုပ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ခုနှစ်စင်ကြယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဆုချီးမြှင့်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ငွေသားဆုကျပ်(၁၅)သိန်းနှင့် တံခွန်စိုက်ဖလား ချီးမြှင့်ပေးကြောင်း သိရှိရသည်။
ထို့နောက် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဥ်သီးဗွေကွင်း)၌ ကျင်းပ ပြုလုပ်သော (၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ တက်ရောက်၍ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ထူးခြားလေးနက်သော သမိုင်းအစဉ်ကို အကြောင်းပြု၍ နှစ်စဥ် တပေါင်းလပြည့်နေ့တိုင်း ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာရာ ယခုတွင် (၇၃)ကြိမ်မြောက်အထိ ရောက်ရှိခဲ့ပြီး ယခုကဲ့သို့ နှစ်စဥ်နှစ်တိုင်း အစဥ်လာမပျက် ကျင်းပနိုင်ခြင်းသည် ပအိုဝ်းတိုင်းရင်းသားအားလုံး၏ အမျိုးသားရေး စိတ်ဓါတ်မြင့်မားမှု၊ စည်းလုံးညီညွတ်မှုနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို ဖော်ကြူးပြသော အခမ်းအနား ဖြစ်သောကြောင့် ပအိုဝ်းတိုင်းရင်းသားများအတွက် များစွာဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က အမှာစကားပြောကြားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေမှ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင် ဖာအောင်ခမ်းထီမှ ပေးပို့လာသည့် သဝဏ်လွှာကို ဖတ်ကြား၍ အလှူငွေများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်က အလှူငွေကျပ်(၁၀)သိန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် မိသားစုမှ အလှူငွေကျပ်(၁၀)သိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ အလှူငွေကျပ်(၁၀)သိန်းတို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဖြားခွန်မောင်မောင်ထွန်းမှ ကျေးဇူးတင်စကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့