ရှမ်းပြည်နယ်ဝန်ကြီးချုပ် တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်၊ Taunggyi Shopping Center ၊ အားကစားလေ့ကျင့်ရုံ သွားရောက်ကြည့်ရှုစစ်ဆေး

Apr 5, 2015

တောင်ကြီး   ဧပြီ   ၃

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဧပြီ(၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပညာဗောဓိတောင်ကုန်း၌ ရှမ်း ပြည်နယ် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည့်မြေပြုပြင်နေမှုတို့ကို ကုမ္ပဏီတာဝန်ခံများမှ လိုက်လံရှင်းလင်းကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ ရှင်းလင်းဆောင်ခန်းမ၌ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက(Power Point)ဖြင့် စေတီ၊ ရပ်တော်မူဘုရား၊ ပင်မအဆောက်အဦ၊ ရုံးခန်း၊ စာကြည့်တိုက်၊ စာသင်ခန်းများ၊ ဘွဲ့နှင်း သဘင်ခန်းမ၊ ဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင်နှင့် ဆွမ်းချက်ဆောင်၊ ဆရာများအိပ်ဆောင်၊ ပါမောက္ခဆရာတော်များ အိပ်ဆောင်၊ ကထိက ဆရာတော်များအိပ်ဆောင်၊ စာသင်သားအိပ်ဆောင် စသည်တို့ကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင်တို့ကြားရှိ လမ်းများ ချဲ့၍ ဖောက်လုပ်ထားရှိရန်၊ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီး မြို့၊ ကုန်ခြောက်သားငါးစျေး (Taunggyi Shopping Center) တည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုရာ သီဟ ကုမ္ပဏီတာဝန်ခံတစ်ဦးမှ စျေးတည်ဆောက်မှုနှင့် ပတ်သက်၍ (Power Point) ဖြင့် ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် (Taunggyi Shopping Center) တည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြ ကြောင်း သိရှိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒီပါဟိန်း ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော လေ့ကျင့်ရေးအားကစားရုံ အဆောင်အဦတို့ကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရုပ်ပုံကားချပ်ဖြင့်ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍၊ ပြည်နယ်အားကစား ဘောလုံးကွင်းနှင့် အရှေ့ဘက်ပွဲကြည့်စင်ရှိ အမိုးဆောင်လုပ်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482