
အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်း

အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်းနှင့်စပ်လျဉ်း၍
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သတင်းထုတ်ပြန်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၁၃ခုနှစ်၊ ဖေဖေါ်ဝါရီလ( ၅ )ရက်
၁။ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသသည် သဘာဝအမွေအနှစ်၊ ယဉ်ကျေးမှုအမွေ အနှစ် တစ်ခုအဖြစ်သာမက တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်းစဉ်လာများကြောင့် ပြည်တွင်း နှင့် ပြည်ပနိုင်ငံများတွင် အထင်ကရကျော်ကြားပြီး ခရီးသွားလုပ်ငန်းနေရာကောင်း တစ်ခုဖြစ် ပါသည်။
၂။ အင်းလေးကန်ရေရှည်တည်တံ့စေရေးနှင့် ပတ်ဝန်းကျင်အခြေအနေကောင်းများ ဖြစ်ထွန်း လာစေရေးဆောင်ရွက်လျက်ရှိရာတွင် သစ်တောဦးစီးဌာနသည် ၂၀၀၀-၂၀၀၁ ခုနှစ်မှ စတင်၍ အင်းလေးကန်မိုင်(၂၀)ဝန်းကျင် သစ်တော၊ ရေ၊ မြေ၊ သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေး၊ အင်းလေးကန်စိမ်းလန်းစိုပြည်ရေးစီမံကိန်းများကို ကြိုးဝိုင်းတောများ၊ ကြိုးပြင်ကာကွယ် တောများ၊ သဘာဝတောထိန်းနယ်မြေများနှင့် သဘာဝနယ်မြေ(အင်းလေးကန်ဘေးမဲ့တော) စသည်ဖြင့် သစ်တောမြေများစုဖွဲ့ကာ ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ခဲ့ပါသည်။
၃။ ယခုခေတ်ကာလအခြေအနေအရ အင်းလေးဒေသတွင် ဟိုတယ်များ လိုအပ်လာမှုအပေါ် ဟိုတယ်များကို နေရာအနှံ့မဟုတ်ပဲ ဇုန်သဘောမျိုး ခွင့်ပြုတည်ထောင်သွားရန် အတွက် တာဝန် ပေးချက်အရ သစ်တောဦးစီးဌာနဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ အင်းလေးအရှေ့ ကြိုးဝိုင်းအတွင်း မြေဧရိယာ(၆၂၂)ဧကကို ဟိုတယ်ဇုံအဖြစ်မြေနေရာ တစ်ဆက်တစ်စပ်တည်း ရရှိနိုင်ကြောင်း၊ မြေအသုံးချမှုပဋိပက္ခများဖြစ်ပေါ်နိုင်မှုအနည်းဆုံးဖြစ်ကြောင်းအစီရင်ခံစာအရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့နှင့်(၉-၈-၂၀၁၂)ရက်နေ့၌ နေပြည်တော်သစ်တော ဦးစီးဌာနရုံးချုပ် တွင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ အင်းလေးကန်ဟိုတယ်ဇုန် ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၄။ အင်းလေးကန်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်းလေး ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အင်းလေးဒေသရိုးရာယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို လာရောက်လေ့လာသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များအား ဂုဏ်သိက္ခာရှိရှိဖြင့် ဧည့်ဝတ်ကျေပွန်ရန်အတွက် ဟိုတယ် လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ဦးဆောင်ဦးရွက်ပြု၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကိုယ်တိုင် အကြိမ်ကြိမ်ကွင်းဆင်း၍ ဒေသခံ ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်း၊ တောင်သူများ တောင်းဆိုသည့်အတိုင်း သီးနှံလျော်ကြေးများပေးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများထူထောင် ပေးခြင်းတို့ကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။
၅။ သို့ဖြစ်ပါ၍ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသဟိုတယ်ဇုန်စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရိယာအတွင်း ဟိုတယ်ဇုန် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်း အရပ်ရပ်ဆောင်ရွက်ခြင်းကိုသော်လည်းကောင်း၊ ၄င်းစီမံကိန်းဆိုင်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေးလုပ်ငန်းအရပ်ရပ် ဆောင်ရွက်ခြင်းကိုသော်လည်းကောင်း၊ မည်သူမျှ ဟန့်တာခြင်း၊ နှောင့်ယှက်ခြင်း၊ အကျိုးဖျက်စီးခြင်း၊ ပျက်စီးမှုကိုဦးတည်သော နည်းမျိုးစုံ ရေးသားဖေါ်ပြ စည်းရုံးလှုံ့ဆော်ခြင်းမပြုလုပ်ရန် တားမြစ်မိန့်ထုတ်ပြန်ထားရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သတင်းထုတ်ပြန်ရေးအဖွဲ့
Download POWERPOINT