
တောင်ကြီး ဖေဖေါ်ဝါရီ-၁၂
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖေါ်ဝါရီလ(၁၂)ရက် နံနက်(၅)နာရီခွဲက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက်(၈)နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ စစ်ရေးပြတပ်ခွဲမှ စစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်အား အလေးပြု၍ အခမ်းအနား တက်ရောက်လာကြသော တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့မှ နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ ခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်းများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး