တောင်ကြီး နိုဝင်ဘာ-၇
(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ (၇) ရက်၊ မွန်းတည့် (၁၂) နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် တရားဥဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး၊ ဌာန၏မူဝါဒများ ဖြစ်သည့် နိုင်ငံတော်မူဝါဒလိုက်နာရေး၊ အခြေခံသဘောတရားနှင့်ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေးဆိုသည့် အချက်များချမှတ်ပြီး ဌာနလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအင်အားအနေဖြင့် လက်ရှိတွင် သန္ဓေ ဝန်ထမ်း၂၅၅ ဦး နှင့် တွဲဖက်ဝန်ထမ်း(၅၅)ဦး၊ စုစုပေါင်း (၃၁၀) ဦးရှိပါကြောင်း၊ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးပေါင်း ၁၀၉ ရုံးတွင် တာဝန် ထမ်းဆောင်ကြသည့် ဝန်ထမ်းအင်အားပေါင်း ၄၆၀၉ ဦးရှိသည်ကို သိရပါကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော် ဆောင်ရွက်ရသည့်ဌာနဖြစ်သည့်အတွက် ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ပေးကြရန်နှင့် မိမိတိုဌာနအတွင်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့် နိုင်ငံတော်၏ အားထားရသည့် ဌာနတစ်ခုဖြစ်အောင် ဝန်ထမ်းများအားလုံး မိမိတို့တာဝန်ကိုယ်စီကို ကျေပွန်အောင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ခေတ် အဆက်ဆက်အုပ်ချုပ်ရေးသမိုင်း Video Clip ပြသပြီး ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ထွန်း က ကျေးဇူးတင်စကားပြောကြားပြီး နှစ်ပတ်လည် နေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုလက်ဆောင်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့အား နေရာအရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အငြိမ်းစားဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်၍ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ အငြိမ်းစားဝန်ထမ်းများအား ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော် က လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ဝန်ထမ်းများအား ကံစမ်းမဲဖောက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့