
တောင်ကြီး မတ်-၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ (Video Conferencing)ဖြင့် တက်ရောက်ကြသော အရှေ့မြောက်တိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ (Video Conferencing)ဖြင့် တက်ရောက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ မတ်(၅)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပညာရေးဌာနတစ်ခုတည်းသာမဟုတ်ဘဲ သက်ဆိုင်ရာတာဝန်ရှိ ဆက်စပ်ဌာနများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ စာမေးပွဲဖြေဆိုနေသည့်အချိန်တွင် ပတ်ဝန်းကျင်အနှောင့်အယှက်မရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးရန်နှင့် အန္တရာယ်ကင်းရေးအတွက် စာစစ်ဌာနအသီးသီးမှတာဝန်ရှိသူများက ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန စုစုပေါင်း(၆၈)ခု၊ ဖြေဆိုသူစုစုပေါင်း(၁၃၉၀၂)ဦး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာစစ်ဌာန(၃)ခုဖြေဆိုသူ စုစုပေါင်း(၃၇၃)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တက္ကသိုလ်စာစစ်ဌာန(၁၂)ခု၊ ဖြေဆိုသူစုစုပေါင်း(၂၀၇၉)ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာစစ်ဌာန(၂)ခု၊ ဖြေဆိူသူ(၂၉)ဦးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တက္ကသိုလ်ဝင်စာစစ်ဌာန(၈)ခု၊ ဖြေဆိူသူစုစုပေါင်း(၁၇၇၇)ဦးရှိပြီး စက်မှု၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်စာစစ်ဌာန(၁)ခု၊ ဖြေဆိုသူ(၄)ဦးရှိသည်ကို တွေ့ရှိရပါကြောင်း၊ စာမေးပွဲဖြေဆိုနေစဥ်ကာလအတွင်း လုံခြုံရေးကိစ္စရပ်များဆောင်ရွက်ပေးရန်နှင့် စာမေးပွဲဖြေဆိုပြီးကာလ၌ အဖြေလွှာများပို့ဆောင်ရာတွင်လည်း လုံခြုံမှုရှိစေရန်အတွက် နစ်တကျဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်း မြှင့်မားရေးနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် တိုင်းမှူးများက၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးတို့က လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အထွေထွေဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများတွင် အချိန်ပိုသင်ကြားခြင်းများ အပြင်ညအိပ်စခန်းသွင်း လေ့ကျင့်ခြင်းများကို ဆောင်ရွက်နေပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်နှင့် စာမေးပွဲဖြေဆိုရာတွင် မသမာမှုများမရှိစေရေး ဆောင်ရွက်ပေးရန်၊ လုံခြုံရေးကိစ္စရပ်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ဖြည့်စွက်ဆွေးနွေးသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အဖြေလွှာများထားရှိမည့် အဆောက်အဦများတွင် လျှပ်စစ်မီးကြိုးများကို စနစ်တကျရှိမရှိ စိစစ်ဆောင်ရွက်ပေးရန်၊ မီးသတ်မော်တော်ယာဥ်တစ်စီး အရံသင့်ထားရှိရန်နှင့် မီးသတ်ဆေးဗူးများ ထားရှိရန်လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုနှင့် စပ်လျဥ်း၍ အသီးသီးဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးနှင့် ဖြေဆိုသူရာနှုန်းပြည့် ဖြေဆိုနိုင်ရေး၊ အောင်ချက်မြင့်မားရေးအတွက် တာဝန်ရှိသူအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် နိဂုံးချုပ်စကား ပြောကြားသွားကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့